ရွာထဲမှာတပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ

ရွာထဲမှာတပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကျီးကင်းကျေးရွာမှာ ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ မတ်လ ၂၈ ရက်မနေ့ကနေ့လယ် ၂ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံရတာကြောင့် ၃ ဦး ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ သိရပါတယ်။

ခန့်မှန်းခြေအင်အား ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ ကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကို ၆၀ မမနဲ့ ၅ ကြိမ်တိုက်ခိုက်ခဲ့တာလို့ People’s knight Defense Force Myinmuမှ ဗိုလ်အေးချမ်းက ပြောပါတယ်။


"ဒီနေ့မှာ စုံစမ်းသိရတာက စကစ ၃ ကောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်တဲ့။ သူတို့ကိုတော့ ဆေးရုံမပို့ဘဲ စခန်းထဲမှာပဲ ကုသနေတယ်လို့ သိရတယ်။ လက်နက်ကြီး ၅ လုံးပစ် တာမှာ ၂ လုံးက ရှုံးသွားတယ်။ ကျန် ၃ လုံးက တော့ စခန်းကို ထိထိမိမိ ကျသွားတာ" လို့ ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်နေချိန်အတွင်းမှာလည်း ၄၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်အေးချမ်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို People 's knight Defense Force Myinmu၊ Black Eagle Defence Force (MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊ D.B.B.F-MMU တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေရဲ့ အခြေအနေကို တပ်တွင်းသတင်းပေးရဲ့ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ဘိုးမင်းကျီးကင်းကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လကတည်းက တပ်စွဲနေထိုင်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်ညပိုင်းမှာလည်း စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကား ၁၂ စီးကို အလ္လကပ္ပနဲ့ ဝမ်းပြည့်ကျေးရွာကြားကို အရောက်မှာ ပဒေသာမိုင်း ၅ လုံးတွဲနဲ့ People 's knight Defense Force Myinmu အပါအဝင် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားပျက်စီးမှုတွေ ရှိခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10