ရွာပြန်ကပ်ဖို့ အလှမ်းဝေးနေဦးမယ့် ညောင်ပင်ကြီးရွာ

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို စစ်ကောင်စီတပ်က ၂၀၂၃ ဇွန်လဆန်းပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့သလို လေကြောင်းကပါ ပစ်ခတ်လို့ ရွာသားတွေဟာ ရွာကိုစွန့်ခွာကာ လုံခြုံတဲ့ အရပ်ဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်ရင်း စစ်ရှောင်အဖြစ်နေကြတာ အခုဆိုရင် ၂ လဝန်းကျင် ရှိလာနေပြီလို့ သိရပါတယ်။

အစပိုင်းမှာ သူတို့မှာပါလာတဲ့ စားစရာတွေနဲ့ နေလာခဲ့ကြပါပေမယ့် တလကျော်ကြာပြီးနောက်ပိုင်းမှာ ရိက္ခာတွေပြတ်သွားပြီး စားစရာအတွက် အခက်အခဲတွေ ရင်ဆိုင်လာရတယ်လို့ စစ်ရှောင်ရွာသားတွေက ပြောပါတယ်။  သူတို့ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့နဲ့ အလှူရှင်တချို့ရဲ့ တတ်နိုင်သလောက် အကူအညီနဲ့ ဝမ်းရေးကို ဖြေရှင်းနေကြရတာလို့ ဆိုကြပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ညောင်ပင်ကြီးရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ ပစ်ကူခဲ့လို့ ရွာသားတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တပ်က ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး မိုင်းထောင်တာတွေ လုပ်ဆောင်ခဲ့သလို  ရွာလုံးကျွတ် မီးရှို့ခဲ့တာကြောင့် ရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဇွန်လဆန်းပိုင်းလောက်မှာ စစ်ကောင်စီတပ်တွေက ညောင်ပင်ကြီးရွာက အိမ်ခြေ ၇၀၀ ကျော်ကို မီးရှို့ခဲ့လို့  အခုဆိုရင် ရွာပျက်ကြီးသဖွယ် ဖြစ်သွားခဲ့ပါတယ်။  ရွာသားတွေဟာလည်း အခုအထိ ရွာပြန်မကပ်နိုင်သေးဘဲ လူဦးရေ ထောင်နဲ့ချီပြီး စစ်ရှောင်စခန်းတွေမှာ  ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

သတင်း - ကိုငယ် ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဆားလင်းကြီး #ညောင်ပင်ကြီး #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10