ရွာမီးရှို့နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရင်း PDF ၁ ဦးကျဆုံး

ရွာမီးရှို့နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရင်း PDF ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာ ဝင်ရောက်မီးရှို့ပြီး အဘိုးအိုတဦးကိုပါ သတ်သွားခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီလ ၃၁ ရက်မှာ တိုက်ခိုက်ရင်း PDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်မှာ Dragon Urban Guerrilla Force မှ အသက် ၅၀ နှစ်အရွယ် ရဲဘော်မိုးသက် ဖြစ်ပြီး၊ တိုက်ခိုက်နေချိန်အတွင်း စစ်အုပ်စုရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပြီးနောက် အသတ်ခံလိုက်ရတာလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။

"ရဲဘော်က အပြန်အလှန်ပစ်ခတ်နေတဲ့အချိန်မှာ ဒဏ်ရာရသွားတယ်။ အဖွဲ့တွေ နောက်ဆုတ်တော့ သူကနောက်မဆုတ်ပဲ ခံပစ်နေတဲ့အခါ သူ့ကို ဖမ်းမိသွားတာ။ ပြီးတော့ အသတ်ခံလိုက်ရတာ။ အဘိုးအိုကတော့ ထွက်မပြေးနိုင်လို့ နေအိမ်မှာ ကျန်ခဲ့တာ။ သူလည်း အသတ်ခံလိုက်ရတယ်" လို့ဆိုပါတယ်။

ကျဆုံးရဲဘော်ရဲ့ ရုပ်အလောင်းကိုတော့ အဲ့ဒီနေ့မှာပဲ ချက်ချင်း သင်္ဂြုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ခင်ဦးနယ်က ဗျိုင်းကြိုင်၊ ရုံးစု၊ ညောင်ပင်ကြီးစု စတဲ့ ၃ ရွာကို ဇန်နဝါရီလ ၃၀ နဲ့ ၃၁ ရက်မှာ စစ်ကြောင်းထိုးမီးရှို့ခဲ့ပြီးနောက် ရေဦးမြို့ဘက်ကို ပြန်ထွက်သွားခဲ့တယ်လို့လည်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

"စကစတွေ မီးရှို့ခဲ့လို့ ဗျိုင်းကြိုင်ရွာက နေအိမ် ၁၀၀ လုံး၊ ရုံးစုရွာက စာသင်ကျောင်းအပါ နေအိမ် ၄၀၀ လုံး၊ ညောင်ပင်ကြီးစုရွာက နေအိမ် ၁၅၀ လုံး ပြာကျပျက်စီးခဲ့ရတယ်။ အိုးအိမ်မဲ့ဖြစ်သွားတဲ့ လူဦးရေကတော့ ၃၅၀၀ ကျော်တယ်။ အခုသူတို့ နေဖို့၊ စားဖို့ အရေးပေါ် လိုအပ်နေကြတယ်" လို့ ဆိုပါတယ်။

အခုလို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ရေဦးမြို့ဘက်ကလာတဲ့ မော်လိုက်အခြေစိုက် ခမရ ၃၆၄နဲ့ မှော်ဘီအခြေစိုက် ခလရ ၇၀၁ တို့ကဖြစ်ပြီး စုပေါင်းအင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးမီးရှို့ခဲ့တာလို့ သိရပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ အခ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် ၂ နှစ်ပြည့်အချိန်အထိ ခင်ဦးမြို့နယ်မှာ ကျေးရွာပေါင်း ၆၂ ရွာက နေအိမ်ပေါင်း ၃၅၈၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် အိုးမဲ့အိမ်မဲ့ပြည်သူ ၁၈၀၀၀ ခန့်အထိရှိပြီလို့လည်း သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့သည့် ခင်ဦးနယ်က ရွာ ၃ ရွာ။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10