ရွာသာကြီးအထိုင်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်ကရွာကိုကင်းလှည့်တင်းကျပ်(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးစစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးအင်အားစုတွေသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိအခိုက်များပြီးနောက် ကျေးရွာကို ကင်းတွေလှည့်ကာ အဝင်အထွက်တင်းကြပ်ထားတယ်လို့ တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၁၅ ရက် မနေ့က မနက်ပိုင်းမှာ ကျားညီနောင်-Tiger Brother LPDF အဖွဲ့က စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ ရွာသာကြီးကျေးရွာကို မိုင်းထောင်ရန်သွားစဥ် သတင်းပေါက်ပြီး စစ်တပ်ကအင်အား ၂၀ ကျော်နဲ့ကျေးရွာထိပ်ကို ထွက်လာလို့ ကာကွယ်ရေးတပ်တွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပါလုပ်ခဲ့တယ် လို့ ဆိုပါတယ်။

"ထွက်လာတာကိုမိုင်းဆွဲလိုက်ပေမယ့် မိုင်းကမကွဲလိုက်ဘူး။ အဲတာနဲ့တော်လှန်ရေးတပ်ဖွဲ့တွေပြန်စုပြီး ပြန်တိုက်ကြတာ" လို့ ကျားညီနောင်တပ်ဖွဲ့က ကိုရန်ကြီးကပြောပါတယ်။

အဲဒီစစ်ကြောင်းကို မီတာ ၃၀၀ လောက်အကွာကနေ တော်လှန်ရေးတပ်တွေက ၆၀ မမနဲ့ ၄၈လုံး၊ လက်နက်ငယ်အချက်ရေ ၂၀၀ လောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒီနေ့မနက်မှာ စစ်တပ်ဟာ ရွာသာယာကြီးကျေးရွာထဲက နေအိမ်တွေမှာ အင်အားတွေဖြန့်ချထားသလို ကျေးရွာထဲကိုလည်း ကင်းလှည့်တာတွေလုပ်ဆောင် နေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Tiger Brother LPDF၊ ရွာသာကြီးတိုက်နယ်ပကဖနဲ့ ဒေသခံတော်လှန်ရေးတပ်တွေစုပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်- ဟယ်ရီ

#မြေလတ်သတင်း 

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ရွာသာကြီး #စစ်ကောင်စီ #LPDF #တိုက်ခိုက်မှု #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10