ရွာသားတွေကြောက်အောင် စစ်တပ်ခေါ်ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ရွာသားတွေကြောက်အောင် စစ်တပ်ခေါ်ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

မကွေးတိုင်းဒေသကြီး၊ ဆည်လည်ကျေးရွာက ရွာသားတွေကြောက်အောင် စစ်တပ်ခေါ်ပြီး ခြိမ်းခြောက်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF က ရှင်းလင်းလိုက်တယ်လို့ နတ်မောက်ဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။

ဩဂုတ် ၂၅ ရက် ညနေ ၅ နာရီခန့်မှာ ဆည်လည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ငြိမ်း ၅၅ နှစ်ခန့်ကို နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်ပြီး ကျေးရွာအပြင်ဘက် တနေရာမှာ ရှင်းလင်းလိုက်တာလို့ နတ်မောက် ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်ကပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမြင့်ငြိမ်းဟာ ကျေးရွာသားတွေ သူ့ကို မကြောက်တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ကို ကျေးရွာကိုခေါ်ပြီး ဆိုင်ကယ်တွေ ဖမ်းဆီးငွေတောင်းခိုင်းတာ၊ ကျေးရွာထဲက CDM ဝန်ထမ်း အမျိုးသမီးတဦးကို စစ်တပ်နဲ့ခြိမ်းခြောက်ဖမ်းဆီးခိုင်းပြီး လက်ဝတ်လက်စားတွေ သိမ်းယူတာကြောင့် ရှင်းလင်းလိုက်တာလို့ သူက ဆိုပါတယ်။

ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်စစ်ဆေးတာမလုပ်တဲ့အတွက် ရွာသားတွေက အလောင်းကို နတ်မောက်ဆေးရုံကို ပို့ပေးလိုက်ရတယ်လို့ သိရပါတယ်။

အဲ့ဒီရှင်းလင်းမှုကိုတော့ နတ်မောက်ဂဠုန် PDF၊ တိုက်ဒေါင်းကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီခန့်ကလည်း နတ်မောက်မြို့နယ်၊ ထန်းပင်ချောင်နဲ့ ချော်ချောင်းကျေးရွာကြားမှာ စစ်ကောင်စီ သတင်းပေးဒလန် အောင်ချစ်ဆိုသူကို ဖမ်းဆီးရှင်းလင်းခဲ့ရလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်းဒေသကြီး #ဆည်လည်ကျေးရွာ #ရှင်းလင်း #စစ်တပ် #နတ်မောက်ဂဠုန်တပ် #အုပ်ချုပ်ရေးမှူး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10