ရွာသားတွေပြန်အလာကို ၂ နှစ်ကျော်ကြာစောင့်နေသည့် ရွာပျက်ကြီး

ရွာသားတွေပြန်အလာကို ၂ နှစ်ကျော်ကြာစောင့်နေသည့် ရွာပျက်ကြီး

လူသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်ကာ တော အုပ်ကြီးသဖွယ်ရှိနေ၏။ မီးသွေးတုံးကြီးများ၊ ပြာမှုန့်များ၊ သွပ်မိုးအဆွေးများ၊ မီးရှို့ခံရပြီးနောက် အရိုးစု သဖွယ်ဖြစ်သွားကြသည့် အိမ်များမှာ အစီအရီ ပြန့်ကြဲလျှက်။ ပေါက်ရောက်နေကြသည့် မြက်ပင်များ၊ ခြုံပုတ်များမှာလည်း စိမ်းစို လန်းဆန်းမှုမဲ့လျှက်။ထိုအရပ်ကား ရခိုင်ပြည်နယ် ၊ကျောက်တော်မြို့နယ်တွင်တည်ရှိသည့် တင်းမကျေးရွာပဲ ဖြစ်ပါသည်။

 ရခိုင်ပြည်နယ်တွင် တိုက်ပွဲများမဖြစ်ခဲ့သည့်အချိန်တုန်းက တင်းမကျေးရွာမှာ ယခုလိုမဟုတ်ပါ။ ပျော်ရွှင်ကြည်နှုးစရာ များဖြင့် စည်ကားသိုက်မြိုက်စွာ ရှိနေခဲ့သည်။ ပွင့်လင်းရာသီသို့ ရောက်ရှိလာလျင်လည်း ကျေးရွာအတွင်း ပျော်ပွဲရွှင်ပွဲများ၊ သနာရေးပွဲတို့ ဖြင့်စည်းကားခဲ့သည်။

 နေ့အချိန်၌လည်း လူငယ်များ၏ကစားရာမှထွက်ပေါ်လာသည့် စကားသံများ၊ ကျေးရွာအတွင်းထော်လာဂျီ သံများ၊ မော်တော်ဆိုင်ကယ်သံတို့ဖြင့် ရွာ၏စည်ကားမှုကိုဖော်ကျူးလျှက်ရှိနေသည်။ ညနေစောင်းအချိန်၌လည်း မိန်းမပျိုကလေးများက ကျေးရွာရှိရေကန်သို့ရေခပ်ဆင်းလာချိန်တွင် ကာလသားများ ကဝိုင်း၀န်းကာ ကျီစဲနေမှုများဖြင့် ကျေးရွာမှာပျော်ရွှင်စရာဖြစ်နေခဲ့ရသည်။ ညည့်အချိန်ဆိုလျင်လည်း ကာလသားများ က ရွာသို့လှည့်လည်ကာသီချင်းအောဟစ်သံများ၊ သူငယ်များဝိုင်းဖွဲ့ကာ ဂီတာတီးသီးချင်းဆို သံများ၊ လူကြီများမှာလည်း အိမ်ရှေ့ကွပ်ဗျစ်စင်ပေါ်တွင် နိုင်ငံရေးအကြောင်းကအစ ဟိုဟိုဒီဒီအကြောင်းအရာမျာ ကိုပြောဆိုလျက် ညည့်အချိန်၏အလှတရားကိုဖော်ဆောင်လျက်ရှိခဲ့ကြသည်။ ယင်းသို့ပျော်ရွှင်စရာကောင်း နေခဲ့ရသည့် ကျေးရွာကို ကြံကမ္မာဆိုးကြီးတစ်ခုကျရောက်လာပြီးနောက် ကျေးရွာမှာတိတ်ဆိတ်သွားခဲ့ရလေ သည်။

 ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစတင်ကာ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် ပလက်ဒေသခံတို့တွင်စစ်‌ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြသည်။ သို့သော်လည်း ယင်းနှစ်တွင် ဖြစ်ပွားခဲ့ သည့်တိုက်ပွဲများမှာ အပြင်းအထန်မကြီးမားခဲ့ပေ။ ၂၀၁၉ ခုနှစ်သို့ရောက်ရှိလာသည်နှင့်အမျှ တိုက်ပွဲများမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များသို့ရောက်ရှိလာခဲ့ကြသည်။စစ်ကောင်စီ နှင့်ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲ ဖြစ်ပွားမှုမှာ ‌မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ရသေ့‌တောင်မြို့ နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြေပုံမြို့နယ်၊ အမ်းမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တို့တွင် အပြင်း အထန်ဖြစ်ပွားလာခဲ့ကြသည်။ တိုက်ပွဲများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ၊ နေရပ်ကိုစွန့်ခွာကာစစ်ဘေးရှောင်စခန်းများတွင် နေထိုင်လာကြသူများမှာ တစ်နေ့တစ်ရက် ရှိလာနေခဲ့တော့ သည်။

 ရခိုင်ပြည်နယ်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် မိမိတို့နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရ သည့်စစ်ဘေးရှောင်များမှာ ၂သိန်းကျော်အထိရှိခဲ့သည်။ ယင်းအပြင် တိုက်ပွဲကြောင့်အရပ်သားသေဆုံး သူ ၃၀၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၀၀ ကျော်အထိရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး၏ မှတ်တမ်းများအရသိရသည်။ယင်းအရေးအတွက်သည် စစ်ကောင်စီ  နှင့် ရက္ခိုင့်တပ် တော်တို့တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိပြုစုထားသည့်မှတ်တမ်းဖြစ်သည်။
 
ယင်းတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ၁၀ မိုင်ကျော်ခန့်ဝေးသော ကုလားတန်မြစ်အထက်ပိုင်း အရှေ့ဘက် ကမ်းတွင်တည်ရှိသည့် တိုက်နယ်ကျေးရွာကြီးတစ်ရွာဖြစ်သည့်တင်းမ ကျေးရွာအနီးရှိတောင်ရှည်တောင်ပေါ်၌ စစ်ကောင်စီစခန်းတစ်ခု မှာပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လကစတင်ကာ စတင်တပ်စွဲလာခဲ့သည်ဟုဆိုသည်။

ယင်းနောက်မတ်လ ၁၃ ရက်နေ့တွင်  တပ်စွဲထားသည့် တပ်မ ၅၅ မှ စစ်ကောင်စီတပ်သားများက တင်းမ(သစ်)ကျေးရွာမှ ကျေးရွာသား ၈ ဦး၊ မတ်လ ၁၆ ရက်နေ့တွင် တင်းမ(ကြီး)ကျေးရွာမှ ၁၀ ဦးနှင့် ကျေးရွာဘုန်းတော် ကြီးကျောင်းတွင် အစောင့်အဖြစ်ချန်ထားခဲ့သူ ၃ ဦးတို့ကို ဖမ်းဆီးခေါ် ဆောင်သွားခြင်း ဖြစ်သည်ဟု ဖမ်းဆီခံရသူများ၏ မိသားစုများကပြောသည်။ ယင်းအပြင် ကျေးရွာရှိနေအိမ်များကိုလည်း မီးရှို့သွားခဲ့ ကြသည်ဟု ကျေးရွာသားများဆိုသည်။

 အဆိုပါတင်းမကြီးကျေးရွာတွင် အိမ်ခြေ ၅၈၅ ဆောင်ရှိပြီး ၎င်းတို့ထဲမှ ၁၃၂ ဆောင်မှာလည်းမီးရှို့ခံလိုက်ရသည်။ ယင်းအပြင် ကျေးရွာအတွင်းရှိ ကျောင်း၊ သိမ်၊ ဓမ္မာရုံ၊ စေတီဘုရားများမှာလည်း လက်နက်ကြီးကျ၍ ပျက်စီးသွားခဲ့ရသည်ဟု တင်းမကြီးကျေးရွာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဦးဝါယမိန္ဒ ကမိန့်သည်။

 “ မတ်လအတွင်းက တင်းမကြီးကျေးရွာကိုစစ်သားတွေဝင်လာတယ်။ ဦးဇင်းတို့ရွာကို မီးရှို့သွားတာ။ ရွာကလူ တွေကိုလည်းဖမ်းဆီးသွားတယ်။ ဦးဇင်းတို့မျက်စိရှေ့ကကို ဖမ်းဆီးသွားတာ။ မီးရှို့သွားတာ”ဟုဆရာတော်က မိန့်သည်။

 တင်းမ(သစ်)ကျေးရွာမှဖမ်းဆီးခံရသူ ၈ ဦးမှာ ဦးမောင်စိန်ကြီး၊ ဦးလှကျော်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးစောရွှေသန်းတို့ဖြစ်သည်။ တင်းမ(ကြီး)ကျေးရွာမှ ၁၀ ဦးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ချန်ထားခဲ့သူ ၃ ဦးတို့မှာ ဦးမောင်ကြည်လင်း၊ ကိုနေလင်းဦး၊ ဦးမောင်ဝင်းကြီး၊ ဦးမောင်ဝင်းချေ၊ ဦးမောင်စိန် ဝင်း၊ ဦးအောင်ညွှန့်၊ မောင်ထွန်းထွန်းဝင်း၊ ဦးယဉ်မောင်၊ ဦးသန်းမောင်ထွန်း၊ ဦးထွန်းမောင်ဝင်း၊ ဦးထိပ်စု၊ ဦးအောင်သာဘန်းနှင့် ဦးဇော်မျိုးနိုင်တို့ ဖြစ်ကြသည်။

 ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရခြင်းနှင့်ပတ်သက်၍ ဖမ်းဆီးခံလိုက်ရသူဦးမောင်ကြည်လင်း၏ ဇနီးဖြစ်သူ ဒေါ်ဘူဘူက “ စစ်သားတွေက ရွာထဲကို၀င်လာ ကြတယ်။ တစ်အိမ်၀င်တစ်အိမ်ထွက်လူတွေကိုဖမ်းတယ်။ လမ်းမှာတွေ့တဲ့သူတိုင်းကိုလည်းဖမ်းတယ်။ ဖမ်းပြီးတော့စစ်သားတွေက ဖမ်းထားတဲ့သူတွေကို နောက်ပြန် ကြိုးတုတ်ပြီးတော့ မြေပြင်မှာမှောက်ထားကြတယ်။ ကျွန်မယောက်ျားကိုကျတော့ ထမင်းစားနေချိန်မှာဖမ်းခေါ် သွားတာ။ ကျွန်မကစစ်သားတွေကို မေးတယ်ဘာကြောင့်ဖမ်းတာလည်းလို့။ သူတို့ကဘာတစ်ခုမှမပြောခဲ့ဘူး။”ဟု ဆိုသည်။

 ယင်းကြောင့် မတ်လ ၁၃ ရက်နေ့မှာဘဲ တင်းမကျေးရွာတစ်ရွာလုံးမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်း ရှောင်ခဲ့ရ လေတော့သည်။ ယင်းနေ့ ညည့်အချိန် ၈ နာရီကျော်လောက်မှာ ကျေးရွာမှကလေး၊လူငယ်၊ လူကြီးမကျန် အကုန်လုံးမှာ ကျောက်တော်မြို့ပေါ်သို့ထွက်ပြေးလာခဲ့ကြရသည်။ ထွက်ပြေးစဉ်မှာလည်း တောင်ရှည် တောင်ပေါ်မှစစ်ကောင်စီတပ် သားများကအမြောက်များဖြင့်လှမ်းပစ်နေခဲ့ကြသည်ဟုဆိုသည်။ တောတောင်များနှင့် ချောင်းမြောင်းများကိုကျော်ဖြတ်ကာ အ၀တ်တစ်ထည်ကိုယ်တစ်လုံးနှင့်ထွက်ပြေးလာကြရခြင်းသည်ဟု အသက် ၅၀ ကျော်အရွယ် ဒေါ်မလုံးချေက သူ၏ကိုယ်တွေ့ကိုပြောပြသည်။

 “အဲဒီနေ့က လလည်းမထွက်ဘူး။ ရွာမှာရှိတဲ့လူတွေအကုန်လုံးက ကျောက်တော်မြို့ပေါ်ကိုထွက်ပြေးကြတယ်။ ထွက်ပြေးတဲ့အချိန်မှာလည်း စစ်သားတွေကလက်နက်ကြီးတွေ၊ အမြောက်တွေနဲ့လှမ်းပစ်ကြတယ်။ မီးလည်းမထွန်းရဘူး။ မီးကိုမြင်ရင်ပစ်တယ်။ တောင်တွေကိုကျော်တက်လိုက်၊ ချောင်းတွေကိုကူးလိုက်နဲ့ ကျွန်မတို့မှာအ၀တ်တစ်ထည်သာပါတယ်။ မိုးမလင်းတလင်းမှာ ကျောက်တော်မြို့ပေါ်ကိုရောက်တယ်။”ဟု တရှိုက်ရှိုက်ငိုကာပြောပြသည်။
 
၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်ခန့်တွင် တင်းမ(ကြီး)ကျေးရွာမှ အုပ်ချုပ်ရေးမှူး အပါအဝင်ဖမ်းဆီးခံရသူများ၏ မိသားစုဝင် ၂၁ ဦးတို့သည် သက်သေအထောက် အထားကြားများဖြင့် အမှုဖွင့်တိုင်းကြားရန် ကျောက်တော်မြို့မ ရဲစခန်းသို့သွားစဉ် စခန်းရှိဂတ်စာရေးက အုပ်ချုပ်ရေးမှူးကို ဖမ်းချုပ်မည်ဆိုပြီးခြိမ်းခြောက်ခဲ့သဖြင့် ထွက်ပြေးလာရသည်ဟု အုပ်ချုပ်ရေးမှူးဦးကျော်ဝင်းမောင်က ပြန်ပြောပြ သည်။

“ ကျွန်တော်အပါအဝင်ရွာသားနှစ်ဆယ့်တစ်ယောက်စလုံးက သက်သေတွေနဲ့ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားဖို့ သွားတာ။ ရဲစခန်းထဲကို ဝင်သွားတော့ စခန်းကဂတ်စာရေးက ခင်ဗျားကိုဘာလုပ်ဖို့လာတာလည်းလို့မေးတယ်။ ကျွန်တော်တို့က တပ်မတော်သားတွေဖမ်းထားတဲ့ ကျွန်တော်တို့ရွာကနှစ်ဆယ့် တစ်ယောက်နဲ့အဆက် အသွယ်မရတာကြာနေပြီဖြစ်လို့အမှုဖွင့်ဖို့လာတယ်လို့ပြောတယ်။ အဲဒီအချိန်မှ ဂတ်စာရေးကတစ်ယောက် ယောက်ကို ဖုန်းဆက်တယ်။ ပြီးတော့ သူကခင်ဗျားကိုဖမ်းချုပ်မယ်ဆိုပြီးပြောတယ်။ ကျွန် တော် လည်း ကြောက်လို့ထွက်ပြေးလာရတယ်”ဟုဆိုသည်။

ယင်းကြောင်း ပျောက်ဆုံးနေသည့်ကိစ္စကိုစစ်ဆေးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင်ဖွဲ့စည်းခဲ့သည်ဟုသိရသည်။ယင်းအဖွဲ့တွင် ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောက်တော်မြို့မရဲတပ်ဖွဲ့မှရဲမှူး၊ တင်းမကျေးရွာမှ ဦးထွန်းသိန်း၊ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးတို့ ပါဝင်ကြသည်။

 ယင်းအပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပျောက်ဆုံးသွားသူများထဲမှ ၆ ဦး၏ မိသားစုဝင်များကို စတင်စစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပျောက်ဆုံးသွားသူ ၁၃ ဦး၏ မိသားစုဝင်များကို ကျောက်တော်မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး၌ စစ်ဆေးခဲ့သည်ဟုဆိုသည်။ 

စစ်ဆေးရေးအဖွဲ့ဝင်ဖြစ်သည့် ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပျောက်ဆုံးနေသော တင်းမကျေးရွာသားများ၏ မိသားစုဝင်များကိုစစ်ဆေးစဉ်၌ ရရှိလာသည့် စစ်ဆေးတွေ့ရှိချက်များကို မြောက်ဦး ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြထားပြီဖြစ်ကြောင်း ယင်းအချိန်ကပြောဆိုခဲ့သည်ဟု ရွာသားတဦးက ပြောပြသည်။

 ယင်းစစ်ဆေးတွေ့ရှိချက်များကိုမြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးထံတင်ပြထားသည်မှာ ယခုတိုလျှင် ၂နှစ်ကျော်အထိကြာခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်း ယနေ့အချိန်ထိ  တစ်စုံတစ်ရာ အကြောင်းပြန်လာခြင်း မရှိကြောင်း စစ်ဆေးရေးအဖွဲ့ဖြစ်သည့် ဦးထွန်းသိန်းက ပြောဆိုသည်။
 
တင်မကျေးရွာမှပျောက်ဆုံးနေသူမှာ ၂၁ ဦးရှိသော်လည်း ပျောက်ဆုံးနေသူ ၃ ဦးမှာ သက်သေအထောက်အထား မရှိဟုဆိုကာ မစစ်ဆေးခဲ့ဘဲ ၁၈ ဦးကိုသာစစ်ဆေးခဲ့သည်ဟု ဦးထွန်းသိန်းကပြောပြသည်။

 ထို့အပြင် ပျောက်ဆုံးနေသူ ဦးမောင်ကြည်လင်း၏ သမီးဖြစ်သူ မခိုင်မြတ်လင်းကလည်း " စုံစမ်းစစ်ဆေးရေး အဖွဲ့က ကျွန်မတို့ကို အခုချိန်ထိအကြောင်းပြန်တာမရှိသေးပါဘူး။ ကျွန်မကတော့ ဖမ်းဆီးသွားတဲ့ ကျွန်မ အဖေအပါအဝင်  ဖမ်းသွားတဲ့သူတွေဟာ အခုဆိုရင် နှစ်နှစ်ကျော် သွားပါပြီ။ သေလား၊ရှင်နေသေးလားဆိုတာ တိတိကျကျသိချင်ပါတယ်"ဟု အဝတ်စပေါ်သို့စီးကျလာသည့် မျက်ရည်များကို သုတ်ရင်းပြောသည်။

 ယင်းအပြင် တင်းမကျေးရွာသားများပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့်တစ်စုံတစ်ရာမသိရှိ ရသေး ကြောင်း ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်သော သတင်း စာရှင်းလင်းပွဲ တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါသည်။

 ကျေးရွာမှ ထွက်ပြေးလာခဲ့ရပြီးနောက်ပိုင်း တင်းမကျေးရွာသားများမှာကျောက်တော်မြို့ပေါ်နှင့် မြောက်ဦးမြို့နယ်တို့ရှိ စစ်ဘေးရှောင် စခန်းများတွင် ဖြစ်သလိုနေထိုင်စားသောက်ခဲ့ကြရသည်။ ယင်းနောက် ကျေးရွာမှထွက်ပြေးလာပြီး တစ်နှစ်ကျော်အကြာတွင် ကျေးရွာမှမီးရှုံ့ခံလိုက်ရသည့်နေအိမ်များကို စားရင်း ကောက်ရန်နှင့်  ကျေးရွာဘ၏အခြေအနေကိုသိရှိရန် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြု ချက်ဖြင့်သွားရောက်ခဲ့ကြသည်ဟုဆိုသည်။

 ပြီးခဲ့သည့် ၂၀၂၁ မတ်လ ၂၃ ရက်နေ့က တင်းမကြီးကျေးရွာမှ ဦးစောသိန်း၊ ဦးမောင်ထွန်းမြင့်၊ ဦးဇော်မောင်၊ ဦးမောင်အေးလှ၊ ဦးမောင်မြသန်းနှင့် ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းတို့က မီး‌လောင်တိုက်ထဲသို့အသွင်းခံခဲ့ရသည့်တင်းမကြီးကျေးရွာသို့ ကိုယ်တိုင်သွားရောက်ကာ နေအိမ်များပျက်စီးရှုံးဆုံးစာရင်းကို ကောက်ယူရန်သွားရောက်ခဲ့ခြင်းဖြစ်သည်။

  ကျေးရွာသို့သွားရောက်ခဲ့သူတစ်ဦးဖြစ်သည့် ဦးစောသိန်းက

 “ကျွန်တော်တို့ ရွာကိုရောက်သွားတဲ့အချိန်မှာ ရွာလမ်းတွေကို ကြည့်လိုက်တော့ မြက်ပင်တွေ နွယ်ပင်တွေနဲ့ တောထနေတယ်၊ ဘုန်းကြီးကျောင်းပေါ်မှာလည်း စစ်သားတွေ နေခဲ့ကြလို့ ခေါင်းအုံးတွေ စောင်တွေ ဖရိုဖရဲဖြစ်နေတာ တွေ့ခဲ့ရတယ်။ တကယ့်ကို ရင်နာစွာနဲ့ ဝမ်းနည်းရပါတယ်။ ယခင်က ပျော်ရွှင်စရာကောင်းတဲ့ ကျွန်တော်တို့ရဲ့ ရွာကလေးက အခုတော့ သုဿာန်တစ်စပြင်ပမာ ဖြစ်သွားခဲ့ရတယ်။”ဟု သူတွေ့မြင်ခဲ့ရသည့် ပုံသဏ္ဌာန်ကို ပါးတစ်ဖက်တစ်ချက်စီမှ စီးကြလာသည့် မျက်ရည်စက်ကလေးတွေကို လက်ကလေးဖြင့်သုတ်ရင်း ပြောပြနေ၏။

ကျေးရွာသူ၊သားများကလည်း မိမိတို့နေရပ်သို့ ပြန်လိုသည့်အတွက် ရခိုင်ပြည်နယ်စစ်ကောင်စီ ဥက္ကဌထံသို့ အကြိမ်ကြိမ်စာတင်တောင်းဆိုခဲ့သော် လည်း လက်ရှိအချိန်ထိအိမ်ပြန်ခွင့်မရရှိကြသေးပေ။

လက်ရှိတွင် ရွာပျက်ကြီးနှင့် စစ်ဘေးရှောင်စခန်း တွင် ‌ခိုလှုံနေကြသည့် ကျေးရွာသား၊ဆွေမျိုး၊မိသားစုများမှာ ဘယ်တော့မှပြန်လာမှာမဟုတ် သည့် ရွာသား ၂၁ဦး၏ အိမ်ပြန်လမ်းကို မညိမ်း မညူစောင့်ကြိုနေဆဲပါဟု ပြောဆို နေကြသည်။

ဝင်းသိန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10