သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
နတ်စင်ဝင်းလွန်တာနဲ့ လှည်းလမ်းက တောင်ဘက်ကိုတစ်လမ်း၊ ရှေ့တည့်တည့်ကိုတစ်လမ်း ခွဲထွက်နေကြတယ်။ ရှေ့တည့်တည့်လမ်းထဲဝင်လိုက်ရင် ဘေးတစ်ဖက်တစ်ချက်မှာ ဂျီးယားတို့အိမ်ဝင်းနဲ့ အရီးလေညိုမတို့အိမ်ဝင်းတွေ ရှိနေကြတယ်။ ဂျီးဆိုတာ ဦးကြီး၊ ဦးလေးသဘောပါပဲ။ ဂျီးယားဆိုတော့ ဦးကြီးယားပေါ့။ အရီးလေးဆိုတာ အဖေဘက်က နှမအငယ် တော်စပ်နေတဲ့သဘော။ အစ်မကြီးဆိုရင်တော့ အရီးကြီးပေါ့။ တစ်ခါ အဖေဘက်က ညီအစ်ကိုတော်စပ်တဲ့သူတွေဆိုရင် "ဂျီး" ဒါမှမဟုတ်"အုန်း "လို့ခေါ်ကြတယ်။ အုန်းကြီး၊ အုန်းလေးပေါ့။ အဲဒီလိုပဲ အမေဘက်က ညီအစ်မတော်စပ်ရင် ဒေါ်ကြီး၊ ဒေါ်လေး။ မောင်နှမတော်စပ်ရင် ဦးကြီး၊ ဦးလေးလို့ ခေါ်ကြတယ်။ အရီး၊ အဒေါ်၊ အုန်း၊ ဂျီး၊ ဦးကြီး၊ ဦးလေးအခေါ်အဝေါ်တွေက အဖေ့ရဲ့ဘက်ကလား၊ အမေ့ရဲ့ဘက်ကလား၊ ဘယ်ဘက်က ဆွေမျိုးတော်စပ်သလဲဆိုတာ သက်သေပြနေတယ်။
အခု ကျုပ်ဖြင့် ကောင်လေးတွေက ကောင်မလေးတွေကို "ညီမ၊ ညီမ" လို့ ခေါ်ဝေါ်နေကြတာကြားရင် နားကလောလှသဗျာ။ ညီမဆိုတဲ့ အသုံးအနှုန်းဟာ ကောင်မလေးချင်းမှ သုံးနှုန်းတဲ့သဘော။ ကောင်လေးက ကောင်မလေးကို နှမလို့ပဲ ခေါ်ဝေါ်ရမယ်ဗျ။ ခုတော့ဗျာ။ "ညီမ၊ ညီမ"နဲ့ ပုလ္လိင်တွေက ဣတ္ထိလိင်ဖြစ်နေကြတဲ့သဘော။ ထားပါတော့။
အရီးလေးညိုမတို့အိမ်ဝင်းလွန်တာနဲ့ လှည်းလမ်းက မြောက်ဘက်ကို ချိုးကွေ့သွားတယ်။ လမ်းရဲ့အရှေ့ဘက်က ငယ်သူငယ်ချင်း ကောက်တေးတို့အိမ်ဝင်း။ ကောက်တေးရဲ့အမည်ရင်းက စန်းတင်မ။ ဒါပေမဲ့ ကျုပ်တို့က ကောက်တေးလို့ပဲခေါ်ကြတာ နှုတ်ကျိုးနေပေါ့။ ကောက်တေးတို့အိမ်ဝင်းလွန်တာနဲ့ ကျုပ်နှမ လှလေးစိန်ရဲ့ အိမ်ဝင်းရောက်ပါပြီ။ မျက်နှာချင်းဆိုင် လမ်းအနောက်ဘက်မှာတော့ ကိုရင်သန်းမောင်တို့ အိမ်ဝင်း။ အိမ်ဝင်းတွေက တောင်သူတွေရဲ့ အိမ်ဝင်းတွေပီပီ ကျယ်ပြန့်လွန်းလှတယ်။ ကျုပ်နှမအိမ်ဝင်းဆို မရှိဘူးဆိုဦးတော့။ ဘောလုံးကွင်းတစ်ဝက်ထက်မနည်းရှိမှာပေါ့။ ရွာရောက်တိုင်း ဝင်းခြံကျယ်ဝန်းမှုရဲ့ လွတ်လပ်တဲ့ရသကို ခံစားရတယ်။ အဲဒီခံစားမှုက ရိုးအီလည်းမသွားဘူး။ အစဥ်အမြဲ လတ်ဆတ်နေတတ်တယ်။
ဟိုစဥ်ကတော့ အမ(အမေ)ရဲ့အိမ်။ ခုတော့ နှမရဲ့အိမ်ပေါ့။ သမံတလင်းခင်း၊ ဆင်ဝင်၊ အိမ်ထောင်ချိုးနဲ့ နှစ်ထပ်ပျဥ်ထောင်အိမ်ကြီး။ ကျုပ်တို့အညာနွေအပူနဲ့ သွပ်မိုးကတော့ အဆင်မပြေလှဘူး။ ဒါပေမဲ့ ဝါးကပ်မိုး၊ သက္ကယ်မိုးကတော့ မရှိသလောက်ဖြစ်နေပြီ။ အားလုံး သွပ်မိုးတွေချည်း။ ရာသီဥတု အဟပ်မညီမှုထက် စျေးနှုန်းမကွာဟမှု၊ ရေရှည်ခိုင်ခံ့မှုဆိုတဲ့ စီးပွားရေးတွက်ချေဇယားကို ဦးစားပေးလိုက်ကြဟန်တူပါရဲ့။ ရေနံချေးတွေနဲ့ မည်းမှောင်နေတဲ့အိမ်ကြီးကိုမြင်ရတော့ အမကို လွမ်းဆွတ်သတိရနေမိတယ်။ အမကွယ်လွန်တာ နှစ်ပေါင်း ၄၀နီးပါးတောင် ရှိရှာပြီ။
အိမ်ကြီးရဲ့မြောက်ဘက်မှာကပ်လျှက် အုတ်နံရံကပ် မီးဖိုဆောင်လေး။ ဟုတ်တယ်။ ကျုပ်တို့အရပ်က မီးဖိုဆောင်ကို သီးခြားဆောက်လုပ်ထားလေ့ ရှိကြတယ်။ မီးရေး၊ ထင်းရေး စိတ်ချရတာပေါ့။ အိမ်တွေကတော့ မြေစိုက်အိမ်တွေ။ မိုးနည်း၊ မိုးပါးတဲ့ဒေသဆိုတော့ ခြေထောက်နဲ့ အိမ်အမြင့်လေးတွေ မတွေ့ရဘူး။ အမက ဒီလိုအိမ်၊ ဒီလိုမီးဖိုဆောင်လေးနဲ့ နေချင်တယ်ဆိုလို့ အဖေ့လက်ထက်ကရှိခဲ့တဲ့ "ရှေ့လက်တီး"၊ "နောက်လက်တီး"နဲ့ ထရံကာ၊ ကြမ်းခင်း နှစ်ထပ်အိမ်ကြီးကိုဖျက်ပြီး ဆောက်လုပ်ခဲ့ကြတာလေ။
လက်တီးဆိုတာက အိမ်အပေါ်ပိုင်း ယောက်တန်းကနေ အဖီဆွဲချထားတာကိုခေါ်တာ။ အိမ်ရှေ့ဆွဲချထားတော့ ရှေ့လက်တီး။ အိမ်နောက်ဖေးမှာဆွဲချထားတော့ နောက်လက်တီးပေါ့။ အိမ်ရဲ့အမြင့်တစ်ဝက် ခါးပန်းကနေ အဖီဆွဲချထားရင် "ပရပ်"လို့ခေါ်တယ်။ အိမ်ရဲ့ဘေးဘက်ကနေ အဖီဆွဲချထားရင် "ဇောင်း"လိူ့ခေါ်တယ်။ အဖီဆွဲချတာချင်းဖြစ်ပေမဲ့ လက်တီး၊ ပရပ်၊ ဇောင်းလို့ သုံးနှုန်းတာ စိတ်ဝင်စားစရာကောင်းတယ်။
ကျုပ်တို့ရွာလေးက ရွာဝိုင်းလည်း မဟုတ်ဘူး။ ရွာတန်းရှည်လည်းမဟုတ်ဘူး။ လေးထောင့်၊ စတုဂံပုံရှိတယ်လို့ ဆိုရမယ်။ ရွာအရှေ့ပိုင်း၊ ကျုပ်တို့အပိုင်းက တောင်သူလယ်သမားတွေများတယ်။ တောင်သူလယ်သမားတွေလို့ပဲ ပြောရမယ်။ ဘာလို့လဲဆိုတော့ ရွာ့အရှေ့ဘက်မှာ ယာခင်းတွေရှိတယ်။ ပဲမျိုးစုံ၊ ဝါ၊ ဆေးတွေ စိုက်ပျိုးကြတယ်။ အဲဒီ ရွာအရှေ့ဘက်ယာခင်းတွေကို ကျုပ်တိူ့က ကျီးတောလို့ခေါ်ကြတယ်။ မန္တလေး-မုံရွာကားလမ်း အနောက်ဘက်မှာရှိတဲ့မြေတွေက လယ်မြေတွေပါ။ ဝါဆို-ဝါခေါင် မြစ်ရေကြီးချိန်မှာ ချင်းတွင်းမြစ်ရေလည်း ဝင်ရောက်တဲ့နေရာပေါ့။ စပါး၊ ဂျုံ၊ မြေပဲ၊ ချည်မျှင်ရှည်ဝါ၊ နှမ်းတွေ စိုက်ပျိုးကြတယ်။ အဲဒီ လယ်မြေရှိတဲ့အရပ်ကိုတော့ ကျုပ်တို့က အောက်တောလို့ ခေါ်ကြတယ်။ အဲဒီလို ယာမြေရော၊ လယ်မြေရော လုပ်ကိုင်ကြတော့ တောင်သူလယ်သမားတွေလို့ပဲ ပြောရမှာပေါ့နော်။
ကျုပ်လည်း အထက်တန်းအောင်မြင်သည်အထိ အဖေနဲ့အတူ၊ အစ်ကိုနဲ့အတူ တောင်သူလယ်သမားလုပ်ငန်း ကူညီလုပ်ကိုင်ပေးဖူးခဲ့ပါရဲ့။ အဖေက ကျုပ်၉တန်းနှစ်မှာ ဆုံးရှာတယ်။ နှစ်ပေါင်းငါးဆယ်ကျော် ရှိပြီပေါ့။ အောင်မယ်။ ကျုပ်ကို အထင်မသေးလိုက်ပါနဲ့။ ကျုပ်က ထယ်လည်း ထိုးတတ်တယ်။ ထွန်းလည်း ထွန်ယက်တတ်ပါရဲ့။ အဲဒီတုန်းက ကျုပ်တို့မိသားစု မပူမပင် စားသောက်နိုင်ခဲ့ကြတယ်။ ခုတော့ ရွာမှာ တောင်သူလယ်သမားဘဝကို စိတ်မဝင်စားကြတော့သလိုပဲ။ လယ်ယာမြေတွေ ရှိနေကြဆဲဖြစ်ပေမင့် ခိုင်းနွားတွေကတော့ မရှိသလောက်ကို ဖြစ်သွားပြီ။ နွားစျေးတွေက ကြီးမြင့်သလို သူတို့ကို ကျွေးရ၊ မွေးရတာလည်း ကရိကထ များသတဲ့လေ။ ကရိကထဆိုတာ အလုပ်ပိုများ၊ ပိုရှုပ်တဲ့သဘော။ လှည်းဆိုတာကတော့ ပျောက်ကွယ်လုကိုသွားပါပြီ။ ရွာ့အနောက်ထွက်က ဦးလှဖေရဲ့ ဒေါက်လှည်းဖိုလည်း မရှိတော့ဘူးတဲ့။
ရွာရဲ့ အနောက်မြောက်ဘက်မှာတော့ ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေနဲ့ ထန်းလုပ်ငန်းလုပ်ကိုင်ကြတဲ့သူတွေ အများဆုံး နေထိုင်ကြတယ်။ ကျောက်ဆစ်လုပ်ငန်းဆိုတာ ကျောက်ငရုတ်ဆုံ၊ ကြိတ်ဆုံတွေ လုပ်တာကို ပြောတာပါ။ ကျုပ်သူငယ်ချင်းမောင်တင်ဆို အသက်၅၀ကျော် မျက်စိကွယ်ချိန်ထိ ကျောက်လုပ်ငန်းကို ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်သွားရှာတယ်။ မျက်စိကွယ်တာကလည်း ဆီးချိုကြောင့်ထင်ပါရဲ့ဗျာ။ ခုတော့ မောင်တင်ကွယ်လွန်သွားတာ ဆယ်နှစ်နီးပါး ရှိရှာပြီ။ သူ့သားကြီးစိုးဝင်းကတော့ ကျောက်ဆစ်လုပ်ငန်းကို လုပ်ကိုင်နေဆဲတဲ့။ စိုးဝင်းအောက် သမီးကြီး ချက်စူမကတော့ လားရှိုးရောက်သွားပြီ။ ကျောက်ဆစ်လုပ်ငန်းနဲ့ပဲ ကြီးပွားချမ်းသာနေသတဲ့။
မောင်တင့်အိမ်ရဲ့မြောက်ဘက် နှစ်အိမ်ကျော်မှာ မောင်တုပ်တို့အိမ် ရှိတယ်။ မောင်တုပ်ကလည်း ကျုပ်ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်ပါပဲ။ သူကတော့ ထန်းလုပ်ငန်းလုပ်တယ်။ သူက သူ့အဖေဆီကနေ ထန်းပင် အစိတ်(၂၅ပင်)လောက် အမွေရလိုက်တယ်။ အဲဒီကတည်းက မောင်တုပ်လည်း ထန်းရည်သည် ဖြစ်တော့တာပါပဲ။ သူက ထန်းရည်ပဲ သီးသန့်ရောင်းတယ်။ ကျုပ်က ထန်းရည်ပြတ်တဲ့အချိန် ချက်အရက်၊ အရက်ဆီရောင်းဖို့ အကြံပေးဖူးတယ်။ ဒီတော့ သူက ထန်းရည်တောင် မလွှဲသာလို့ ရောင်းနေရတာတဲ့။ ဘယ်တော့မှ သူရာမေရိယကံကို အားမပေးဘူးတဲ့။ အဲဒီမောင်တုပ်က ထန်းရည်ကို ထန်းလျက်ချက်ဖို့အထိ မထွက်လို့သာပ။ ထန်းလျက်ချက်ဖို့လောက်ထိထွက်ရင် ထန်းလျက်ချက်မှာ သေချာရဲ့။
ကျုပ်ကတော့ ရွာမှာရှိနေတဲ့ ညနေခင်းတိုင်း မောင်တုပ်ကို မြူအိုးကောက် ကူညီပေးနေတတ်တယ်။ သူက ထန်းကိုင်တာ သန့်ရှင်းသပ်ရပ်တယ်။ ထန်းရည်လေးတွေကလည်း ကြည်၊ ပြာစိမ်းလို့။ အလယ်မှာ အမြုပ်ပွက်လေးတွေ ထလို့။ ပုစွန်ဆိတ်ခုန် ဆိုတာမျိုးပ။ မုံရွာ ကိုလေးခန့်က လယ်ဇင်သားဆိုတော့ ရွာထောင်က ထန်းရည်ကိုပဲ အကောင်းဆုံးလုပ်ပြီး သောက်နေရတာပ။ ဒါကြောင့်လည်း ရွှေမန်းတင်မောင်ရဲ့ မောင်မှူးပြဇာတ်ထဲမှာ "ရွာထောင်ကထန်းရည်...ချိုတမြမြ ခါးသလေလေ"လို့ စပ်ဆိုခဲ့တာပေါ့။ တကယ်လို့များ မောင်တုပ်ရဲ့ထန်းရည်သာ သောက်ဖူးရင် မောင်တုပ်ရဲ့ထန်းရည် အလွန်ကောင်းလှသလေ လို့များ စပ်ဆိုလေမလားမသိ။ ကျုပ်က အဲဒီလို ထွေထွေကလေးနဲ့များပြောလိုက်ရင် မောင်တုပ်ခမျာ တခွီးခွီးရယ်ပြီး သဘောကျနေတတ်တယ်။
ခုတော့ ကျုပ်ကောင်ကြီးကိုယ်တိုင် ထန်းမတက်နိုင်တော့တာ ၁၀နှစ်နီးပါး ရှိရှာရောပေါ့။ သူ့တူ တွတ်နီကို နေ့တွက်ပေးပြီး တက်ခိုင်းနေတယ်။ သူ့စိတ်ကြိုက်တော့ မရနိုင်ဘူးပေါ့လေ။ "ငါ့ကောင်ရာ။ အာသာပြေသဘော ထားသောက်ပေါ့ "လို့ ပြောနေတတ်တယ်။ ကျုပ်က "မင်းကိုသာ မမီတာ။ မဆိုးပါဘူးဟ"လို့ပြောရင် မကြိုက်ချင်ဘူး။ မျက်စောင်းထိုးပြီး တစ်ဖက်ရောက်အောင်အထိ ခေါင်းကို လှည့်သွားတတ်တယ်။ တကယ့်ကို ပင်ကိုယ် ရိုးသားကြတဲ့ လူရိုးကြီးတွေ။ နှမက ဘယ်လိုပြောနေ ပြောနေ၊ မောင်တုပ်ကို ညနေခင်းရောက်ရင် သွားတွေ့ရမယ်။ ငယ်သူငယ်ချင်းနဲ့တွေ့ရင် ငယ်မူငယ်သွေးတွေ ပြန်ရစေမှာ အသေအချာပဲ။
ရွာရဲ့ အနောက်တောင်ထောင့်အရပ်ကတော့ လက်လုပ်လက်စားတွေ အများစု နေထိုင်ကြတယ်။ နတ်ပွဲရောက်ရင် နွားသား၊ ဝက်သား ဖော်တတ်ကြတယ်။ သရက်ပေါ်ချိန်၊ ဇီး(ဆီးသီး)ပေါ်ချိန်မှာ ခြံကိုအပြတ်ဝယ်ပြီး စာချုပ်ချုပ်တတ်ကြတယ်။ ရှုံးတဲ့နှစ်လည်းရှိ၊ မြတ်တဲ့နှစ်လည်းရှိပါတယ်. အဲဒီအရပ်က ဗန်ကူးဆိုတာ ကျုပ်ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်။ ကုလားရုပ်ဆင်နေလို့ ဗန်ကူးလို့သာခေါ်နေကြတာ။ ကျေးတောသား ဗမာစစ်စစ်ပါပဲ။ စီးပွားရေးအရတော့ ရရ၊ စာစားပဲ။ ဒါပေမဲ့ ဗန်ကူးတို့အရပ်က သွေးတော့ မသေးလှဘူး။ ရွာဘုရားပွဲမှာ ဇာတ်ပွဲထည့်ရင် ပွဲကြေးကို ရက်ရက်ရောရော ထည့်ဝင်တတ်ကြတယ်။
ကျုပ်တို့ရွာလေးက အိမ်ခြေ ၁၅၀လောက် ရှိမှာပါ။ ကျုပ်ကလည်း ရွာသူရွာသားအားလုံးကို သိရှိနေသလို ရွာသူရွာသားအားလုံးကလည်း ကျုပ်ကို သိရှိကြတယ်။ ရင်းနှီးကျွမ်းဝင်မှုကတော့ အိမ်နီးနားချင်း ဖြစ်တာ၊ မဖြစ်တာ၊ ကျောင်းနေဘက်သူငယ်ချင်း ဖြစ်တာ၊ မဖြစ်တာပေါ် မူတည်တာပေါ့။ ဒါပေမဲ့ တစ်ရွာတည်းသားချင်းဖြစ်တယ်ဆိုတဲ့စိတ်က စည်းလုံးမှု၊ ချစ်ခင်မှုကို ပိုဖြစ်စေပါတယ်။
ချမ်းငြိမ်းရာ
Share Share Share