ရွာအပြန်  - ၅

ရွာအပြန် - ၅

          ရွာရဲ့မြောက်ဘက်ကိုထွက်လိုက်ရင် ကမ်းပါးယံမြင့်မြင့်ကြီးနဲ့ "ချောင်းခြောက်"ကြီးကို တွေ့ရတယ်။ ချောင်းခြောက်ဆိုတာရေမရှိတော့တဲ့၊ ရေမစီးတော့တဲ့ချောင်းကိုပြောတာပါ။ ငယ်စဥ်က ကျုပ်တို့သူငယ်ချင်းတစ်စု ချောင်းရိုးအတိုင်း လိုက်ကြည့်ခဲ့ဖူးကြတယ်။ ဘာရယ်မဟုတ်ပါဘူး။ ကလေးပီပီစပ်စု၊ စူးစမ်းကြတဲ့သဘောပ။ ရွာ့အရှေ့  ၄ မိုင်အကွာလောက်မှာရှိတဲ့ နွယ်ခွေတောင်ရိုးကနေ အစပြုလာတဲ့ တောင်ကျချောင်း။ ကျုပ်သိတတ်တဲ့အရွယ်ကစပြီး တောင်ကျချောင်းရေ လာနိုင်လောက်အောင်ထိ မိုးသည်းသည်းမည်းမည်း မရွာသွန်းလို့လားမပြောတတ်ပါဘူး။ တရံတခါမှ ရေရှိတာ၊ ရေစီးတာမတွေ့ခဲ့ဖူးဘူး။ ချောင်းခြောက်ကြီးအတိုင်း။

             ချောင်းထဲဆင်းပြီး ပြန်တက်လိုက်ရင် မောင်တုတ်ရဲ့ ထန်းပင်တန်းလေးကိုတွေ့ရလိမ့်မယ်။ ဟုတ်တယ်။ မောင်တုတ်ရဲ့ထန်းပင်တွေက ဟိုတစ်ပင်၊ ဒီတစ်ပင် ပေါက်နေကြတဲ့ထန်းတော မဟုတ်ဘူး။ ယာကန်သင်းရိုးမှာ တန်းစီပေါက်နေကြတဲ့ထန်းပင်တန်း။ သူ့ရဲ့ဖခင် အုန်းရွှင်စိုက်ခဲ့တဲ့အပင်တွေပေါ့။ စုစုပေါင်း ၂၃ ပင်ရှိတယ်။ ထန်းရည်က လှိုင်လှိုင်ထွက်တဲ့အချိန်နဲ့ ရှားပါးသွားတဲ့အချိန်ကွာခြားပေမဲ့ ဆယ့်နှစ်ရာသီတနှစ်ပတ်လုံး ထွက်နေတတ်တယ်။ အဲဒီလိုထွက်ရှိအောင်လည်း အစဥ်အမြဲ ပြုပြင်ပေးဖို့တော့ လိုတာပေါ့လေ။ တပို့တွဲလထန်းရည်လှိုင်ရင် လူသောက်မကုန်လို့ နွားတွေအတွက် ဝယ်တိုက်တတ်ကြတယ်။ နွားတွေက ထန်းရည်ဆိုသိပ်ကြိုက်။

            ထန်းရည်နဲ့လည်း နွားတွေတည့်ကြဟန်တူရဲ့။ ဆယ့်လေးငါးရက်ဆက်တိုက် ဝယ်ပြီးတိုက်လိုက်ရင် အမွေးတွေပြောင်လက်လာတတ်တယ်။ ဟုတ်တယ်။ မောင်တုတ်က ထန်းရည်ကို သောက်ဖို့အတွက်သာရောင်းတာ။ ထန်းလျက်မချက်လုပ်ဘူး။ ကျုပ်တို့ရောက်သွားတော့ ထန်းတက်ငှားရမ်းထားတဲ့ ကောင်လေးက ဆယ်ပင်ကျော်ကျော်လောက် တက်ပြီးဟန်တူပါရဲ့။ ထန်းပင်ရင်းမှာ ထန်းရည်တွေပြည့်နေတဲ့ မြူအိုးလေးတွေ တွေ့ရတယ်။ ထန်းရည်ခံတဲ့ ပြည်တောင်းသာသာမြေအိုးလေးတွေကို မြူအိုးလို့ခေါ်တယ်။ ထန်းရည်ကအမြုပ်လေးတွေထပြီး ပြေးနေကြတယ်။ အိုးနှုတ်ခမ်းမှာလည်း ပျားကောင်လေးတွေ နားလို့။ ထန်းရည်ရဲ့ ပင်ကိုယ်အရသာကချိုတယ်။ "အလျင်" အခံကြောင့်သာ တဖြည်းဖြည်းခါးသက် ပြတ်ရှသွားတာ။ အလျင်ဆိုတာ ထန်းရည်အနည်ထိုင်သွားတဲ့ အနှစ်ဖတ်ကိုပြောတာ။

               မောင်တုတ်က အိမ်ကျမှသောက်ကြမယ်ဆိုပေမဲ့ မသောက်ရတာကြာလို့၊ မနေနိုင်ဘဲ မြူအိုးကိုကိုင်ပြီး တစ်ငုံမော့သောက်လိုက်တယ်။ အားပါး။ ချိုမြ၊ ပြတ်ရှ၊ ခါးသက်တဲ့အရသာလေးကကောင်းလိုက်တာ။ မောင်တုတ်က ရှေ့သုံးလုံး၊ နောက်သုံးလုံး ထန်းလက်တံပိုးမှာချိတ်ပြီးထမ်းလိုက်တယ်။ ဟိုတုန်းကတော့ မောင်တုတ်ထန်းတက်ရင် မြူအိုးကောက်အတူလိုက်ရင်း တပင်ကချလိုက်၊ တမော့မော့လိုက်။ မောင်တုတ်လည်း ထန်းတက်ပြီးရော ကျုပ်လည်း ထွေရောဆိုပါတော့။

            အိမ်လည်းရောက်ရော မောင်တုတ်ရဲ့မဟေသီ ဗြောအိက ထန်းရည်ထည့်ဖို့ ကြွေခွက်ကြီးနဲ့ ထန်းရည်သောက်ဖို့ ဖန်ခွက်လာချပေးတယ်။ သိမ်းထားလိုက်စမ်းပါ။ မြူအိုးအတိုင်းပဲချ။ ပြီးရင် ပြောင်ချောနေတဲ့ အုန်းမှုတ်ခွက်ကလေးသာယူခဲ့။ တစ်ခါတလေ ရိုးရာအစဥ်အလာလေးပဲ ကောင်းပါတယ်။ ထန်းရည်သောက်ရင် အုန်းမှုတ်ခွက်ပက်လေးနဲ့သောက်ရမှ အရသာပိုရှိသလိုထင်မှတ်မိတယ်။ ရန်ကုန်၊ အောင်ဆန်းမှာလည်း ထန်းရည်ရတတ်တယ်။ ရွှေဘိုဘက်ကအညာသားတွေ လာတက်ကြတာတဲ့။ ထန်းရည်ကလည်း မောင်တုတ်ရဲ့ထန်းရည်ကိုသာ မမီတယ်။ မဆိုးလှဘူး။ အာသာပြေသောက်လို့ ရပါရဲ့။ ဒါပေမဲ့ ဝါးကျည်တောက်နဲ့သောက်ရတာကတော့ မနိပ်ပေါင်။

          မောင်တုတ်က မနက်ဖြန်ကျမှ လယ်ကြွက်လေးရှာပြီး လယ်ကြွက်ကြော်အမြည်းလုပ်ပေးမယ်တဲ့။ ခုတော့ မြေပဲဆားလှော်နဲ့မြည်းတဲ့။ ဟိုစဥ်ကတော့ သဲခင်းထားတဲ့ ထန်းလက်တဲအောက်မှာ သဲပေါ် ပဲကြီးလှော်စေ့တွေကြဲချ။ ပြီးမှ တစ်စေ့ချင်းကောက်ပြီးသဲလေးပွတ် မြည်းခဲ့ကြတာလေ။ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ ထန်းရေအမြည်းကလည်း ပဲကြီးလှော်နဲ့မှလိုက်ဖက်တာကလား။

                   မြူဝက်လောက်ကုန်တော့ အသက်အရွယ်ကြောင့်လား၊ ခရီးပန်းလာလို့လား မပြောတတ်။ ရီဝေဝေဖြစ်ချင်လာတယ်။ အဲဒီမှာ လှလေးစိန်ရဲ့သမီးအငယ်မကလည်း ညနေစာထမင်းစားရအောင် လာခေါ်နေပေါ့။ တရက်ကျမှမနက်ရေအမူးသောက်ပြီး ထိုင်နေတဲ့တန်းလျားပေါ် အိပ်ပစ်လိုက်မယ်လို့ တေးမှတ်ထားလိုက်တယ်။ ညပိုင်း မောင်ခွေးတို့အိမ် ရေနွေးဝိုင်းမှာ ဆုံကြဦးမယ်မဟုတ်လား။

              ညပိုင်း ရွှေလလေးကလည်း သာလိုက်တာ။ လရဲ့တန်ဖိုး၊ လရဲ့ အလင်းရသကိုတောင် မခံစားရတာ ကြာပေါ့။ တန်းလျားနဲ့စားပွဲတွေကို အိမ်ရဲ့အပြင် ကွင်းပြင်ကိုထုတ်လိုက်ကြတယ်။ ဟင်းလင်းပြင် လွတ်လပ်မှုအရသာက ရွာမှာသာ ခံစားနိုင်တာလေ။ တဝကြီး မြိန်ရေယှက်ရေ ခံစားလိုက်စမ်း။ ရေနွေးအမြည်းကလည်း ကျုပ်အင်မတန်နှစ်သက်တဲ့ ပြောင်းဖူးမီးဖုတ် အစေ့ခြွေထားတာကို နှမ်းဆီစစ်စစ် ခပ်ရွှဲရွှဲဆမ်းလို့။ ဆားကလည်း ခပ်လေးလေး ဖြူးလို့။ (ဒါမှ အစာကြေလွယ်တယ်) နံနံပင်လည်း အုပ်ထားလိုက်သေး။ ဒါ့ပြင် အသက် ၇၀ဝန်းကျင် ငယ်သူငယ်ချင်းတွေ တွေ့ဆုံကြရတာဆိုတော့ ရင်ထဲဆိမ့်ပြီး ပျော်ရွှင်နေမိတယ်။ ဂွမ်းဆီထိသလိုဆိုတဲ့ စကားလေးကို သတိရမိပါရဲ့။

               ရွာလေးကလည်း ဘာအသံမှမကြားအောင် တိတ်ဆိတ်နေတယ်။ ကျုပ်တို့ငယ်စဥ်ကတော့ အောင်တိုင်လုတမ်း၊ တုပ်စည်းတိုးတမ်းအသံတွေ၊ ငြင်းကြခုန်ကြတဲ့အသံတွေနဲ့ ကျွတ်ကျွတ်ညံလို့။ ခုတော့ အိမ်တိုင်းလိုလိုအိမ်တွင်းအောင်းပြီး ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ ငြိမ့်နေကြသတဲ့လေ။ အဲဒီမှာ မောင်ခွေးက "စစ်တပ်အာဏာသိမ်းတာ ဒေါ်စုတို့ကမဲခိုးလို့၊ မဲမသမာမှုလုပ်လို့ဆို၊ အဲဒါဟုတ်ရဲ့လား" လို့ စကားစလိုက်တယ်။ "မဟုတ်လောက်ဘူးဆိုတာတော့ ငါတို့ သိထားတယ်ကွ၊ ဘာကြောင့်အာဏာသိမ်းတာလဲဆိုတာကို သိချင်တာ" လို့ ညိုမက ဆိုလာပြန်တယ်။ ကျုပ်ကတော့နွားအကြောင်း၊ ယာအကြောင်း၊ လယ်အကြောင်းလောက်သာ စိတ်ဝင်စားကြတဲ့ သူငယ်ချင်းတွေ နိုင်ငံရေးစိတ်ဝင်စားလာကြလို့ ဝမ်းသာနေမိတယ်။ ခေတ်ကတောင်းဆိုလိုက်ပြီကိုး။

                ပြောရရင်တော့ မင်းအောင်လှိုင်ဆိုတဲ့အကောင်က နိုင်ငံအတွက်၊ ပြည်သူအတွက် လုံးဝထည့်သွင်းမစဥ်းစားဘဲ ဒင်းကိုယ်ကျိုးအတွက် အာဏာသိမ်းယူလိုက်တာပဲကွ။ အင်မတန်ယုတ်မာပက်စက်လွန်းပါတယ်ကွာ။ ဒင်းက ၂၀၁၅ ခုနှစ်ဆိုရင် သက်ပြည့်ပင်စင်ခံစားရတော့မယ်။ အဲဒါ မောင်သိန်းစိန်လက်ထက်မှာ ကာလုံအစည်းအဝေးခေါ်ပြီး သက်တမ်း ၅ နှစ်တိုးပေးလိုက်တယ်။ ဒီတော့ ၂၀၂၀ခုနှစ်မှ ပင်စင်ခံစားရတော့မယ်။ အဲဒီမှာ ဒင်းကပင်စင်မယူလိုဘူး။ နောက်ထပ်ငါးနှစ် နေချင်သေးတယ်။ ဒါကြောင့် ဒေါ်စုလက်ထက်မှာ ကာလုံအစည်းအဝေးခေါ်ဖို့ တိုက်တွန်းနေတော့တယ်။ ကာလုံအစည်းအဝေးဆိုတာ နိုင်ငံအခြေအနေထူးခြားမှုရှိမှ ခေါ်ယူရတာလေ။ အခုနိုင်ငံကပုံမှန်အနေအထား။ ဒီတော့ ကာလုံအစည်းအဝေး မခေါ်ဘူးပေါ့။

            ဒင်းလည်း သက်တမ်းတိုးမရတော့ဘူး။ အဲဒီမှာ ၂၀၂၀ ခုရွေးကောက်ပွဲလည်း NLD က အနိုင်ရခဲ့ပြန်တယ်။ ဒီတော့ တပ်ချုပ်ရာထူး သေချာပေါက်အပြောင်းအလဲပြုလုပ်ရတော့မယ်။ ဒင်းက အာဏာမလွှတ်ချင်လို့ အာဏာသိမ်းလိုက်တာ။ အဖြေကဒါပဲ။ ဒါပေမဲ့ဒင်းမှာ နိုင်ငံကို မင်းလုပ်၊ အုပ်ချုပ်နိုင်တဲ့အရည်အချင်းမရှိလို့ ခုချိန်ထိ မအုပ်ချုပ်နိုင်ဖြစ်နေပေါ့ကွာ။ ခုတော့ ဒင်းဦးဆောင်တဲ့အဖွဲ့အစည်းက ပြည်သူကို မကာကွယ်၊ မစောင့်ရှောက်တဲ့အပြင် သတ်ဖြတ်နေလို့ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားပြီ။ ဒင်းကိုယ်တိုင်လည်း နိုင်ငံတော်ကို သစ္စာဖောက်တဲ့ ရာဇဝတ်ကောင် ဖြစ်သွားပြီလေ။ ကျုပ်လည်း ကျုပ်သိသမျှ ရှင်းပြလိုက်တယ်။

             "မင်းပြောသလို ယုတ်မာတာကတော့ လူမဆန်အောင်ပါပဲကွာ။ ခုဆို ရွာတွေမီးရှို့တာ နည်းမှတ်လို့။ စာနာစိတ်ကို လုံးဝမရှိတော့ဘူး။ ခုဆို ကရင်ရော၊ ကချင်ရော၊ PDFတွေရော တိုက်တော့ တိုက်နေကြတာပဲ။ နိုင်ရော နိုင်ပါ့မလားကွ" လို့ မောင်တုတ်က ပြောလာပြန်တယ်။ အဲဒီမှာလည်း ကျုပ်က နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူတွေရဲ့ မကြောက်တရားနဲ့ ညီညွတ်မှုတွေ တွက်ချက်ပြပြီး သေချာပေါက်နိုင်မယ်လို့ ပြောချလိုက်မိတယ်။ ပြီးတော့ မိမိတို့အနေနဲ့လည်း တက်စွမ်းတဲ့ဘက်က ကူညီကြဖို့ တိုက်တွန်းမိပြန်တယ်။ ကျုပ်အနေနဲ့တော့ မနက်ခင်းလက်ဖက်ရည် မသောက်တော့ဘဲ နေ့တိုင်း လက်ဖက်ရည်ဖိုးစုပြီး တလပြည့်ရင်တစ်ခါ လှူဖြစ်နေတယ်လို့ ပြောပြလိုက်မိတယ်။ ပင်လယ်ဆိုတာ မိုးတစ်စက်ချင်း စုစည်းမှုကနေ ဖြစ်ပေါ်လာတာ မဟုတ်ပါလား။

                  "အေးကွ။ မင်းလုပ်ပုံ မဆိုးဘူး။ ငါလည်း ထန်းတပင်ကရတဲ့ ထန်းရေဖိုးစုထားပြီးလှူမယ်။ နှမ်းတစေ့တည်း ဆီမဖြစ်ပေမဲ့ နှမ်းစေ့တွေများလာရင် ဆီဖြစ်တာပေါ့နော်။ ငြုပ်ကျည်ပွေ့လုပ်တဲ့သူတွေလည်း တနေ့ကို ကျည်ပွေ့တချောင်းလှူကြဖို့ နှိုးဆော်ရမယ်"လို့ မောင်တုတ်က အားတက်သရော ပြောလာတော့တယ်။ မောင်ခွေး၊ ညိုမတို့လည်း တတ်နိုင်သလောက်လှူကြဖို့ စဥ်းစားလာကြပြီ။ အားလုံးပါဝင်လာရင် အောင်မြင်ဖို့ ပိုမိုနီးကပ်လာတာပေါ့။ ဟုတ်တယ်။ တစုံတယောက်ရဲ့ အကျိုးစီးပွားကြောင့် ကျုပ်တို့နိုင်ငံ အပျက်စီးမခံနိုင်ဘူး။ နိုင်ငံချစ်တဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိကြတယ်လေ။ ဟော ခုနစ်စဥ်ကြယ်တောင် အမြီးထောင်ပြီ။ ခုနစ်စဥ်ကြယ်အမြီးထောင် သန်းခေါင်ချိန်ကိုရောက်ပြီမှတ်တဲ့။ သန်းခေါင်ဟိုဘက်မှာတော့ နံနက်ခင်းလင်းအာရုဏ်က ရှိနေတယ်မဟုတ်ပါလား။

ချမ်းငြိမ်းရာ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10