သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ကိုကြီးဝင်းမောင်တို့နဲ့ ကျုပ်တို့က အမ(အမေ)ဘက်က ဆွေမျိုးစပ်ရင် သားချင်းတော်စပ်ပါသေးတယ်။ ဆွေမျိုးသားချင်းလို့ သုံးနှုန်းတာကြားဖူးရဲ့မဟုတ်လား။ တဝမ်းကွဲ၊ နှစ်ဝမ်းကွဲ၊ သုံးဝမ်းကွဲလောက်ကိုတော့ ဆွေမျိုးလို့ ပြောကြသေးတယ်။ လေးဝမ်းကွဲ၊ ငါးဝမ်းကွဲဆိုရင်တော့ နည်းနည်းဝေးသွားပြီလေ။ သားချင်း တော်စပ်တယ်လို့သာပြောကြတော့တယ်။ ကိုကြီးဝင်းမောင်နဲ့ ကျုပ်တို့က လေးဝမ်းကွဲညီအစ်ကိုတွေပေါ့။ အသက်အားဖြင့်တော့ ကျုပ်ထက် လေးနှစ်လောက်ပဲကြီးမှာပါ။ ဒါပေမဲ့သူ့ရဲ့ အများအကျိုးထမ်းဆောင်ချင်တဲ့စိတ်ကို လေးစားတာလည်းပါမှာပေါ့လေ။ သူ့ရဲ့ညီအရင်း ဝင်းအောင်၊ မင်းမောင်တို့ခေါ်ကြသလို ကျုပ်ကလည်း သူ့ကို ကိုကြီးလို့ပဲ ခေါ်ပါတယ်။
ရွာမှာက ဝင်းမောင်ဆိုတဲ့ နာမည်တူသူက ၅ယောက်ရှိတယ်။ ဒီတော့ ကွဲပြားသွားအောင် လှည်းတိုက်စားတဲ့ကိုဝင်းမောင်ကို "လှည်းဝင်း" တဲ့။ ရွာဆွမ်းတော်ကြီးမှာ နှဲမှုတ်တဲ့ကိုဝင်းမောင်ကျေတာ့ "နှဲဝင်း"တဲ့။ ကပ်ကျေး၊ ပန်းပဲလုပ်တဲ့ကိုဝင်းမောင်ကို "ပန်းပဲဝင်း"။ ကျောင်းဆရာဝင်းမောင်ကို ဆရာဝင်း။ ကျုပ်တို့ကိုကြီးဝင်းမောင်ကိုတော့ ဥက္ကဌဝင်းလို့ ခေါ်ကြတယ်။ ရွာမှာ ကျုပ်တို့အဖေများလက်ထက်ကတည်းက အလှူ၊ မင်္ဂလာဆောင်တွေဆိုရင် အသုံးပြုဖို့ ပန်းကန်၊ ခွက်ယောက်၊ စားပွဲ၊ ကုလားထိုင်၊ မဏ္ဌပ်ပစ္စည်းတွေ ထူထောင်ထားတာရှိတယ်။ တစ်အိမ် ၂၀ကျပ်စီထည့်ဝင်ပြီး "ရွာဘုံထောင်"အဖြစ် ထူထောင်ထားတာပေါ့။ ရွာဘုံထောင်ဆိုတာ တစ်ရွာလုံး ပိုင်ဆိုင်တာကိုပြောတာ။ အသင်းအမည်ကို ချစ်ကြည်ရေးအသင်းလို့ ပေးထားတယ်။
၂နှစ် တကြိမ် အသင်းရဲ့ အမှုဆာင်လူကြီးတွေ ပြန်လည်ရွေးချယ်လေ့ရှိတယ်။ ကိုကြီးတို့၊ ကျုပ်တို့က တတိယမျိုးဆက်အဖြစ် လက်ဆင့်ကမ်းအမွေ ယူခဲ့ကြတဲ့သူတွေပေါ့။ ကျုပ်က ရွာမှာရှိစဉ်တုန်းက အတွင်းရေးမှူးတာဝန် ယူခဲ့ဖူးတယ်။ ကိုကြီးက အဲဒီကတည်းက ဥက္ကဌ။ အခုအချိန်ထိလည်း ဥက္ကဌပဲ။ အသင်းရဲ့ဥက္ကဌဟာ အလိုအလျောက်လည်း "ကာလသားခေါင်း" ဖြစ်နေတတ်တယ်။ "ကာလသားခေါင်း" ဆိုတာ လူပျိုလူလွတ်တွေရဲ့ခေါင်းဆောင်၊ အိမ်ထောင်မရှိသူကို ပြောတာပါ။ ကိုကြီးက ခုချိန်ထိ အိမ်ထောင်မရှိဘဲ လူပျိုကြီးဆိုတော့ "ကာလသားခေါင်း"ကလည်း သူပဲဖြစ်ဟန်တူပါရဲ့။ "ကာလသားခေါင်း"က လူငယ်တွေအပေါ်မှာ သြဇာညောင်းတယ်။
ပြီးတော့ ကိုကြီးတို့က တောင်သူလယ်သမားကြီးတွေပါ။ တောင်သူလယ်သမားကြီးလို့ "ကြီး"တလုံး ထည့်သွင်းပြောဆိုရခြင်းက ယာဧက၊ လယ်ဧကများစွာ ပိုင်ဆိုင်လို့ပါပဲ။ တပ်အပ်သေချာတော့ မပြောနိုင်ဘူး။ သူတို့မှာ ညီအစ်ကို၊ မောင်နှမတွေ အမွေခွဲပြီးတာတောင်မှ လယ်ယာဧက ၅၀ကျော်လောက် ရှိလိမ့်ဦးမယ်ထင်တယ်။ ဘယ်ကလာ ကိုကြီးတယောက်တည်း နိုင်နင်းအောင်လုပ်နိုင်ပါ့မလဲ။ "စာရင်းငှား" ခေါ်ထားရတာပ။ စာရင်းငှားဆိုတာ တလတလကို စရိတ်ငြိမ်း နှစ်သောင်း၊ သုံးသောင်းပေးရတဲ့ အလုပ်သမားကို ပြောတာပါ။ အလုပ်သမား၊ ကူလီဆိုတဲ့ အသုံးအနှုန်းတွေက ရင့်သီးတဲ့သဘောဆောင်လို့ စာရင်းငှားလို့ သုံးနှုန်းဟန်တူပါရဲ့။ စရိတ်ငြိမ်းဆိုတာ ထမင်းကျွေးထားရုံတင် မဟုတ်ဘူး။ ဆေးလိပ်၊ ကွမ်းလည်း ပါတယ်။ အဝတ်အစားလည်း ဆင်ကြရတယ်။ ကိုကြီးအိမ်မှာ စာရင်းငှားတစ်ယောက်ရှိတယ်။ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်မှာတော့ နေ့စားလူငှားတွေ ငှားရမ်းရတာပ။
အမွေခွဲကြတဲ့နေရာမှာ အိမ်နဲ့ဝင်းနဲ့ကိုတော့ သမီးမိန်းကလေးတွေက ရရှိတတ်ကြတယ်။ ကိုကြီရဲ့နှမ မပြည့်ကလည်း အပျိုကြီးတစ်ယောက်ပါပဲ။ အိမ်ကြီးကလည်း ၅ ပင်တည် ၄ခန်း၊ အုတ်ခံတိုက်အိမ်ကြီး။ အုတ်ခံတိုက်အိမ်ဆိုတာ အောက်ထပ်ကို အုတ်နဲ့ကာရံထားပြီး အပေါ်ထပ်က ပျဉ်ထောင်ကာရံထားတဲ့ နှစ်ထပ်အိမ်မျိုးကိုခေါ်တာပါ။ တောင်သူလယ်သမားကြီးတွေဖြစ်တာနဲ့အညီ အိမ်နဲ့ကပ်လျက်မှာ ကျီလည်း ရှိနေတတ်ကြတယ်။ ကျီဆိုတာ ကောက်ပဲသီးနှံတွေ သိုလှောင်ထားရှိတဲ့ အဆောက်အဦကို ပြောတာပါ။ ကောက်ပဲသီးနှံထားရှိတဲ့အဆောက်အဦဆိုတော့ ခိုင်မာတောင့်တင်းဖို့ လိုအပ်တာပေါ့။ လူနေအိမ်ရဲ့ အခန်းဖွင့်ကို ၆ပေ၊ ၈ပေ ထားရှိတတ်ကြပေမဲ့ ကျီရဲ့အခန်းဖွင့်ကို ၅ပေလောက် ထားရှိတတ်ကြတယ်။ အခန်းဖွင့်ဆိုတာ ထူမတ်ထားတဲ့ တိုင်အကွာအဝေးကို ပြောတာပါ။
ဒါ့ပြင် ကျီရဲ့တိုင်တွေက အိမ်ရဲ့တိုင်တွေလို ပတ်လည်တိုင်မဟုတ်ဘူး။ လုံးပတ်တိုင်တွေ။ ပတ်လည်တိုင်ဆိုတာ ၈လက်မ၊ ၁၀လက်မ စသည်ဖြင့် အညီအညာခွဲစိတ်ထားတဲ စတုဂံတိုင်မျိုးကိုပြောတာ။ လုံးပတ်တိုင်ဆိုတာက သစ်လုံးအတိုင်းရှိတဲ့တိုင်ကို ပြောတာ။ ပြီးတော့ ထုပ်စွပ်၊ ယောက်စွပ်တွေ။ ထုပ်စွပ်၊ ယောက်စွပ်ဆိုတာ အိမ်တွေဆောက်သလို ထုပ်တွေ၊ ယောက်တွေကို အိမ်တိုင်မှာ ပါးဟပ်ဖဲ့ပြီး ကပ်ခါ၊ သံရိုက်ထားတာမဟုတ်ဘူး။ အိမ်တိုင်လုံးကို ဆောက်နဲ့ဖောက်ပြီး လျှိုသွင်းထားတာကိုပြောတာ။ အမိုးကလည်း ကတ်မိုး၊ သွပ်မိုးမဟုတ်ဘူး။ အုတ်ကျွတ်မိုးတွေ။ အုတ်ကျွတ်မိုးဆိုတာက အနံ ၈လက်မ၊ အလျား ၁ပေ၊ ထုလက်မဝက်လောက်ရှိတဲ့ မြေအပြားချပ်ဘေးတွေကို တစ်ဖက်က ချိတ်တွယ်စရာအတားလုပ်ပြီး မီးဖုတ်ထားတဲ့ အပြားချပ်ကလေးတွေပါ။ ဒီတော့ ကျီရဲ့ အချင်းတန်းပေါ်က အုတ်ကျွတ်ပြားတွေချိတ်ဖို တန်းလေးတွေ ရိုက်ပေးထားရသးတယ်။ သံရိုက်စရာမလိုဘူး။ အုတ်ကျွတ်ပြားလေးတွေ တစ်ဆင့်ချင်းထပ်ပြီး မိုးလိုက်ရုံပဲ။
ခိုင်ခန့်သလားတော့ မပြောနဲ့။ ကိုကြီးတို့ကျီရဲ့အမိုးက သူတို့အဖိုးလက်ထက်ကတည်းကမိုးခဲ့တဲ့ အမိုးတဲ့လေ။ ၁၅ နှစ်တကြိမ်လောက်တော့ တင်နေတဲ့ဖုန်တွေ၊ အမှိုက်တွေ၊ ရေညှိတွေကို တချပ်ချင်းဖြုတ်ပြီး ဆေးကြောပေးဖို့လိုတယ်။ ခုချိန်ထိ အုတ်ကျွတ်မိုးက အသစ်အတိုင်း။ ဒါဖြင့် ဘာလို့ အုတ်ကျွတ်မိုး မမိုးကြသလဲလို့ မေးစရာရှိတယ်။ အမိုးက အလေးချိန်များတော့ အောက်က တိုင်တွေ၊ ထုပ်တွေ၊ ယောက်တွေက တောင့်တင်းခိုင်မာဖို့ လိုတယ်တယ်လေ။ တောင့်တင်းခိုင်မာအောင်လုပ်ဖို့က လွယ်တယ်။ ကုန်ကျစရိတ်စက များလွန်းတော့ မတတ်နိုင်ကြလို့ပါ။
အားပါး။ ရေနွေးကြမ်းဝိုင်းကလည်း အမြည်းတွေ စုံလို့ပါလား။ လက်ဖက်၊ ပြောင်းဖူးမီးဖုတ် အစေ့ချွေဆီဆမ်း၊ မြေပဲဆံကြော်၊ ပဲပြားကြော်။ ကျုပ်က ရွာသားတော့ ရွာသားပေါ့လေ။ တနှစ်မှတစ်ခေါက်သာရောက်လာတတ်တော့ ဧည့်သည်ဖြစ်လို့နေတာပ။ အောက်ပြည်အောက်ရပ်ကတော ရပ်နီးဧည့်သည်လာရင် ကွမ်းအစ်၊ ဆေးလိပ်ချပေးတတ်တယ်။ ကျုပ်တို့အရပ်ကတော့ လက်ဖက်နဲ့ဆေးလိပ် ချပေးတတ်ကြတယ်။ ပဲပြားကြော်ဆိုတာက ရန်ကုန်မှာ မန္တလေးပဲကြော်လို့ခေါ်တာမျိုးပါ။ ဒါပေမဲ့ မန္တလေးပဲကြော်က ဆန်မှုန့်တွေများလို့ မာတောင့်တောင့် ဖြစ်နေတယ်။ ကျုပ်တို့ဆီကပဲပြားကြော်ကေတာ့ ဆန်မှုန့်နည်းနည်း၊ ကောက်ညှင်းဆန်များများဆိုတော့ အိပြီးစေးပိုင်နေတာပ။ ဂျင်းနံ့မွှေးမွှေးလေးနဲဆိုတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ဆိုရော့။ စားလို့သိပ်ကောင်းတယ်။
ရန်ကုန်မှာရော အခြေအနေဘယ်လိုလဲလို့ ကိုကြီးက မေးလာတယ်။ အခုအချိန်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုက အားလုံးအတွက် စိတ်ဝင်စားမှုဖြစ်စေတယ်။ ၁၉၆၂ ခု အာဏာသိမ်းတုန်းကတော့ နိုင်ငံရေးတက်ကြွသူတွေနဲ့ ကျောင်းသားတွေသာပါဝင်ခဲ့ကြတာလေ။ ၁၉၈၈ခု အာဏာသိမ်းတော့ တပြည်လုံးအတိုင်းအတာအထိရှိခဲ့ပေမဲ့ ပစ်သတ်ပြတော့ ငြိမ်သက်သွားတယ်မဟုတ်ပါလား။ အခု အာဏာသိမ်းမှုကတော့ဝန်ထမ်းတွေက CDM ပြလုပ်လာကြတယ်။ ပစ်သတ်နှိမ်နင်းတော့ ဆန္ဒထုတ်ဖော်မှုတွေ ရပ်ဆိုင်းသွားပေမဲ့ တော်လှန်ရေးက ရပ်ဆိုင်းမသွားဘူး။ ချင်းပြည်နယ်ကစတင်လိုက်တဲ့ တူမီးသေနတ်နဲ့တော်လှန်ရေးက နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းတို့ကို အလျင်အမြန်ကူးစက်လာတယ်။ ခုချိန်မှာတော့ တနိုင်ငံလုံးအနှံ့ ဖြစ်ပေါ်နေတာကို တွေ့ကြရတယ်။ NUG အစိုးရ၊ PDF အဖွဲ့အစည်းတွေလည်း အခိုင်အမာတည်ရှိလာတယ်။ အနေအထားက မင်းအောင်လှိုင်ရဲ အကြမ်းဖက်အဖွဲ့အစည်း ကျရှုံးသည်အထိ လျှောက်လှမ်းကြတော့မယ့်သဘောပါပဲ။
အဲဒီမှာသူတို့ကလည်း မြေလှန်စနစ်ကို ကျင့်သုံးလာကြတယ်။ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ၊ သိက္ခာတွေလည်း မရှိကြတော့ဘူး။ အာဏာ ဆက်လက်တည်တံ့ရေးပဲ။ ရွာတွေမီးရှိ့၊ အပြစ်မဲ့ပြည်သူတွေကို သတ်၊ ရွာတွေကို လက်နက်ကြီးနဲ ထု။ အဲဒီလုပ်ဆောင်ချက်တွေက တော်လှန်ရေးအရှိန်အဟုန်ကို မတားဆီးနိုင်တဲ့အပြင် တော်လှန်ရေအရှိန်အဟုန်ကို ပိုမိုခိုင်ကြည်၊ သန်မာသွားစေတယ်။ စစ်အာဏာရှင်တွေရဲ့ လွဲမှားတဲ့အစီအမံ၊ အယူအဆတွေပေါ့။
ရန်ကုန်မှာလည်း မလွှဲသာလို့ သွားလာလှုပ်ရှားနေရတောင်မှ ကျောမလုံပါဘူးကိုကြီးရာလို့ ပြောရတယ်။ အဲဒီမှာ ကိုကြီးကလည်း ထုံးစံအတိုင်း စကားကို တွေးတွေးဆဆနဲ့ စေ့စေ့စပ်စပ် ပြောလာတော့တယ်။ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးမဟုတ်ဘဲ သူ့ကိုယ်ကျိုးအတွက် အာဏာသိမ်းတဲ့လုပ်ရပ်ကို လုံးဝ လက်မခံနိုင်ဘူးတဲ့။ သူ့အနေနဲ့ အနာဂတ်သိပ်ပြီး မရှိလှတော့ပေမဲ့ လူငယ်လူရွယ်တွေရဲ့အနာဂတ်အတွက် သူ့ရဲ့ ကျန်ရှိတဲ့အချိန်ကို ပေးဆပ်ဖို့ ဆုံးဖြတ်ထားသတဲ့။ အတတ်နိုင်ဆုံး ရွာကို အန္တရာယ်မကျရောက်အောင် ကာကွယ်သွားမယ်။ PDFတွေကို တတ်နိုင်သမျှမဟုတ်ဘူး။ တတ်စွမ်းသမျှ ကူညီထောက်ပံ့သွားမယ်။ ရိက္ခာ၊ လက်နက်ဝယ်ဖို့ ငွေကြေးအကူအညီတွေပေါ့။ သူ့အနေနဲ့ လူတိုင်း ရည်ရွယ်ချက်ရှိရှိနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ကြဖို့ စည်းရုံးပြောဆိုနေပါသတဲ့။ ကျုပ်ကိုလည်း ကိုယ့်နိုင်ငံအနာဂတ်အတွက် ကျန်ရှိတဲ့အချိန်ကလေး လုပ်ကိုင်သွားတဲ့လေ။
ပြီးတော့ ခုတော်လှန်ရေးက ကျင့်ဝတ်၊ သိက္ခာမရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုရင်ဆိုင်ရတာမို့ ခက်ခဲမယ်။ ပေးဆပ်မှုများမှာတော့ အမှန်ပဲတဲ့။ ဒါပေမဲ့ ပြည်သူ့ထောက်ခံမှုမရှိဘဲ လက်နက်တစ်ခုတည်းနဲ့ အုပ်ချုပ်နိုင်စွမ်းမရှိတာလည်း သေချာတယ်တဲ့။ နောက်ဆုံး ပြည်သူတွေ တခဲနက် အားပေးထောက်ခံတဲ့ NUGနဲ့ PDFတို့ကသာ နိုင်မှာပဲတဲ့လေ။ အော် ဟိုစဉ်ကတော့ ရေနွေးကြမ်းစကားဝိုင်းတွေမှာ လယ်အကြောင်း၊ ယာအကြောင်း၊ နွားအကြောင်းတွေသာ မရိုးနိုင်အောင် ပြောဆိုတတ်တဲ့ ရွာကလူတွေဟာ ခုတော့ဖြင့် နိုင်ငံရေးအကြောင်းတွေကို စိတ်ဝင်စားနေကြပါပေါ့လား။ စိတ်ဝင်စားကြဆို စစ်တပ်အာဏာသိမ်းမှုက ပြည်သူတိုင်းရဲ့ အနာဂတ်အိပ်မက်ကို ဖျက်ဆီးလိုက်တာကိုး။ လူဆိုတာ အနာဂတ်အိပ်မက်နဲ့ တက်ကြွရှင်သန်ကြရတာ မဟုတ်ပါလား။
ချမ်းငြိမ်းရာ
#မြေလတ်အသံ