ရွာ ၂ ရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ သင်္ဘော ၁ စီးနစ်မြုပ်

ရွာ ၂ ရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ သင်္ဘော ၁ စီးနစ်မြုပ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ တောင်ဖြူရွာနဲ့ ယားကျေးရွာတို့ကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီရဲ့ ဖလက်သင်္ဘောတစင်း ပန်းဆက်ရွာအနီ ရှမ်းနတ်တောင်ခြေအရောက်တွင် တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် မနက် ၁၀ နာရီ၀န်းကျင်ခန့်တွင် တောင်ဖြူရွာက စုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ ဖလက်သင်္ဘောတစင်း ချင်းတွင်းမြစ်ထဲ နစ်မြုပ်ပြီး သင်္ဘောပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ပျူစောထီးအဖွဲ့၀င်တွေ နစ်မြုပ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"အဲဒီသင်္ဘောတွေက ခန္တီးကနေဆင်းလာတာ။ မြစ်ဘေးနားကရွာဖြစ်တဲ့ တောင်ဖြူရွာနဲ့ ယားကျေးရွာကို ၀င်မီးရှို့တယ်။ အဲ့ဒီကထွက်လာပြီး ပန်းဆက်ကပျူတွေကို၀င်ခေါ်ပြီး လှည့်အစုန်မှာ ‌အငူနဲ့တိုက်ပြီး မြုပ်သွားတာ"လို့ မင်းကင်းမြို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဆိပ်ကမ်းမှာ လူတွေတင်ပြီး သင်္ဘောပြန်အလှည့် ရေစီးကြောင်းထိုးတာကြောင့် နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ 

ခန္တီးမြို့ကနေ ကျောက်စိမ်းတွေသယ်ပြီး စုန်ဆင်းလာတဲ့စစ်ကောင်စီရဲ့ သင်္ဘော ၁၂ စင်းအနက် ၁ စီးနစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီစုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့သင်္ဘောတွေမှာ ပျူရွာတွေက ပျူစောထီးအဖွဲ့၀င် ၃၀၀ နီးပါးနဲ့ ပညာရေးတက္ကသိုလ်တက်ရောက်မယ့် ဆရာ၊ ဆရာမတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ကျောင်းသူတချို့ သယ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကတော့ နစ်မြုပ်သွားတဲ့သင်္ဘောပေါ်မှာ ညွန်မှူး ၁ ယောက်၊ ရဲတပ်ဖွဲ့ဝင် ၅ ယောက်နဲ့ ကျောင်းဆရာမ၊ ဆရာမတွေ၊ အစိုးရဝန်ထမ်းတွေပါဝင်ပြီး စုစုပေါင်း ၁၀၀ ဝန်းကျင်ခန့်လိုက်ပါလာတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“လူ ၁ ယောက်ပဲလွတ်တယ်။ စလင်က မောင်းတဲ့ ၁ ယောက်ရယ်၊ အမျိုးသမီး ၁ ယောက်ရယ်။ စလင်ကတော့ လက်ကျိုးသွားတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။

သင်္ဘောတွင် စစ်ကောင်စီတပ်ဖွဲ့၀င်တွေအပြင် လိုက်ပါလာတဲ့သူတွေ နစ်မြုပ်သွားတာဖြစ်ပြီး အများအပြား သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ သင်္ဘောတွေဟာ အလုံပိတ်သင်္ဘောတွေဖြစ်တာကြောင့် နစ်မြုပ်သွားတဲ့အချိန်မှာ စက်လှေတွေနဲ့ ကယ်ဆယ်ရေလုပ်ခဲ့ပေမယ့် သင်္ဘောဟာ မှောက်လျက်ရေထဲမျောပါနစ်မြုပ်သွားတာဖြစ်လို့ ကယ်ဆယ်ရေးကို ကောင်းကောင်းမလုပ်နိုင်လိုက်ဘူးလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ 

လက်ရှိတွင် ကျန်ရှိတဲ့စစ်ကောင်စီသင်္ဘောတွေက ဆက်လက်ထွက်ခွာမသွားဘဲ နစ်မြုပ်သွားတဲ့ သင်္ဘောရှိရာ ပန်းဆက်ရွာနားမှာပဲ ကမ်းကပ်ထားပြီး အခုချိန်ထိ သင်္ဘောကိုဆယ်ယူနိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

ပုံစာ - ချင်းတွင်းမြစ်တွင်း သွားလာနေသည့် စစ်သင်္ဘော (ပုံဟောင်း)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း#မင်းကင်း#ပန်းဆက်#ချင်းတွင်း#မြစ်# စစ်ကောင်စီတပ်#သင်္ဘော#နစ်မြုပ်#သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10