ရွှေကျင်က ဒေသခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့

ရွှေကျင်က ဒေသခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ မယ်ဝေါခီးကျေးရွာက ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒီဇင်ဘာ ၆ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၅၇ နှစ်အရွယ် ဦးမောင်သိန်းနဲ့ အသက် ၂၉ နှစ်အရွယ် ကိုကျော်ဝင်းတို့ ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ကျေးရွာထဲကို ပစ်ခတ်ဝင်ရောက်လာပြီးနောက် သူတို့ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

"ဖမ်းဆီးသတ်ဖြတ်ခံရသူတွေက စကစတွေရွာထဲဝင်လာချိန် ပြေးမလွတ်တော့လို့ ကျန်ခဲ့တာကို PDF တွေဆိုပြီး ပစ်သတ်သွားတာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ခမရ ၃၅၁၊ ခမရ ၃၄၉၊ ခမရ ၅၈၉ တပ်ကဖြစ်ပြီး စုပေါင်းအင်အား ၁၀၀ လောက်နဲ့ ကျေးရွာထဲကို ဝင်ရောက်လာချိန် အထက်ပါအမျိုးသား ၂ ဦးကို ဖမ်းဆီးရိုက်နှက်ပြီး ပစ်သတ်ခဲ့ကာ အလောင်းတွေကိုတော့ ဒီဇင်ဘာ ၄ ရက်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

အလောင်းတွေကိုတွေ့ရှိချိန်မှာ ရင်ဘက်ကျည်ပေါက်ဝင်ဒဏ်ရာတွေနဲ့ ရိုက်နှက်ထားတဲ့အတွက် ကျောတွေ ရင်ဘတ်တွေမှာလည်း အညိုမဲစွဲနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၁၀ နာရီလောက်မှာလည်း ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာ၊ ရွှေငန်းဖြူ ရော်ဘာခြံ၊ ရွှေကျင် - ကျောက်ကြီးလမ်းဘေးရှိ ကျောက်တန်း၊ အင်းဂနီကျေးရွာဘက်တွေကို စစ်ကောင်စီဘက်က တိုက်လေယာဥ်နဲ့ ၆ ကြိမ်လာရောက်ခတ်ခဲ့ရာ ကျောက်တန်းကျေးရွာက အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါသေးတယ်။ 

စစ်အာဏသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ သူတို့ရဲ့လက်အောက်ခံတွေကြောင့် သေဆုံးသူ ၄၂၃၇ ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ရွှေကျင် #မယ်ဝေါခီးကျေးရွာ #စစ်ကောင်စီ #သတ်ဖြတ် #ဒေသခံ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10