ရွှေကျင် - ကျောက်ကြီးလမ်းပိုင်းကို စစ်ကောင်စီဖျက်ဆီးထားလို့ ဒေသခံတွေသွားလာရေးအခက်တွေ့

ရွှေကျင် - ကျောက်ကြီးလမ်းပိုင်းကို စစ်ကောင်စီဖျက်ဆီးထားလို့ ဒေသခံတွေသွားလာရေးအခက်တွေ့

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရှမ်းရွာအနီးရှိ ရွှေကျင် - ကျောက်ကြီးသွား ကတ္တရာလမ်းပေါ်မှာ စစ်ကောင်စီဘက်က ဘတ်ဟိုးနဲ့တူးပြီး ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီခန့်မှာ ရှမ်းရွာအနီး ဂိတ်ချနေထိုင်နေတဲ့တပ်သားတွေက လမ်းမပေါ်ကို ဘတ်ဟိုးနဲ့ အကျယ် ၁၅ ပေ၊ အနက် ၄ ပေခန့် တူးပြီး ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

"ခုလမ်းက အရင် အင်္ဂလိပ်ခေတ်ကတည်းက လမ်းတွေ။ ခုက သူတို့ဂိတ်တွေကို ဝင်တိုက်ခံရမှာစိုးလို့ ဖျက်လိုက်တာနဲ့ တူတယ်။ ခုလောလောဆယ်တော့ ပြည်သူတွေဒုက္ခရောက်ရတာပေါ့။ သွားလာရ အဆင်မပြေတော့ဘူး။ သူတို့ဖျက်ထားတာဆိုတော့ ဘယ်သူမှလည်း မပြင်ရဲဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီလမ်းပိုင်းကို အမှီပြုပြီး သရက်ချောင်း၊ ကျောက်ပုံဂိတ်၊ စံဖဲ၊ အင်္ဂနီ၊ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေဟာ ဒေသထွက်ကုန်တွေကိုရောင်းချဖို့ ရွှေကျင်မြို့ကို သွားနေကြရတာ ဖြစ်ပါတယ်။ 

ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေဟာ ရော်ဘာ၊ စပါး၊ ပဲ၊ ပြောင်းနဲ့ ခြံထွက်သီးနှံတွေကို စိုက်ပျိုးပြီး ထွက်ရှိလာတဲ့သီးနှံတွေကို ရွှေကျင်မြို့မှာ အဓိကအားထား ရောင်းချနေရတာဖြစ်ပြီး ခုလို ဖျက်ဆီးထားတာကြောင့် ကားတွေက ဖြတ်သန်းလို့ မရတော့ဘဲ ဆိုင်ကယ်တွေကတော့ လမ်းဖျက်ထားတဲ့ နေရာအနီးရှိ ရော်ဘာခြံတွေထဲကနေ ခက်ခက်ခဲခဲ သွားလာနေရတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဂိတ်ချထားတဲ့ နေရာနဲ့ ဖျက်ဆီးထားတဲ့ လမ်းနေရာဟာ ၁ မိုင်နီးပါးကွာဝေးပြီး လက်ရှိအချိန်ထိလည်း ဘယ်သူကမှ ပြုပြင်တာမျိုး မလုပ်ကြသေးဘူးလို့ သိရပါတယ်။ 

ဇူလိုင် ၆ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်းမြောင်းကျေးရွာကနေ ညောင်လေးပင် - မဒေါက်လမ်းပေါ်ကို ဖြတ်ထွက်တဲ့ ကျေးရွာချင်းဆက် လမ်း ၄ ခုကို စစ်ကောင်စီဘက်က ဘတ်ဟိုးတွေနဲ့တူးပြီး ဖျက်ဆီးထားခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရွှေကျင် #စစ်ကောင်စီ #လမ်းပိုင်းဖျက်ဆီး #ဒေသခံ #သွားလာရေးခက်ခဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10