ရွှေကျင်နဲ့ ညောင်လေးပင်မှာ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခံရလို့ အမျိုးသမီးတဦးသေဆုံး

ရွှေကျင်နဲ့ ညောင်လေးပင်မှာ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခံရလို့ အမျိုးသမီးတဦးသေဆုံး

ပဲခူးတိုင်း၊ ရွှေကျင်နဲ့ညောင်လေးပင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က  လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အမျိုးသမီး တဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားတယ်လို့ ရွှေကျင်မြို့နယ်ပအဖ တာဝန်ရှိသူကပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့မနက် ၁၁ နာရီ မိနစ် ၄၀ ခန့်မှာ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ် ၁ စီးနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သလို ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်နဲ့ ရေကြည်ချောင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အေးမြအောင်ဘုန်းကြီးကျောင်း၊ ကျောင်းသစ်ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ နေအိမ် ၂ လုံးပျက်စီးခဲ့ပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့ မနက် ၂ နာရီခန့်မှာလည်း ညောင်ပင်ကြီးကျေးရွာ ကျောင်းသစ်ဘုန်းကြီးကျောင်းဝင်းထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ဂျက်တိုက်လေယာဥ် ၁ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး ကျောင်းဝင်းအတွင်း ကျန်ရှိအဆောက်အဦတွေနဲ့ ကျောင်းအနီး နေအိမ် ၁ လုံးထပ်မံပျက်စီးခဲ့ပါသေးတယ်။

ညောင်လေးပင်မြို့နယ်၊ ပျဉ်ရေကြီးကျေးရွာကိုလည်း ဇန်နဝါရီ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ဒရုန်းနဲ့ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရွာထဲက ဘုန်းကြီးကျောင်းပေါ်ကိုကျရောက်ပေါက်ကွဲခဲ့ကာ ကျောင်းဆောင် ၄ ဆောင် ပျက်စီးခဲ့သလို ဘုန်းကြီးကျောင်းနံဘေးမှာ နေထိုင်တဲ့ အသက် ၆၉ နှစ်အရွယ်ဒေါ်စန်းမြင့် နံကြားအောက် ဗုံးစမှန်ဒဏ်ရာရပြီးနေရာမှာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ရှုံးလာချိန်တွေမှာ ဘုန်းကြီးကျောင်းတွေအတွင်း PDF တွေခိုအောင်းနေတယ်ဆိုတဲ့ သတင်းကိုလွှင့်ပြီးမှ ဘာသာရေးအဆောက်အဦတွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုတွေ ပေါ်ပေါ်တင်တင်ကျူးလွန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

"၂၅ ၊ ၂၆ လောက်တုန်းက သူတို့ကင်းပုန်းဝပ်နေတဲ့ ပုဇွန်မြောင်းကျေးရွာဘုန်းကြီးကျောင်းကို PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အခါမှာ သူတို့ဘက်က အင်အား ၂၀ ကျော်ကျဆုံးသွားပြီးတော့ လက်နက်တွေလည်း ဆုံးရှုံးသွားတဲ့အခါမှာ စစ်တောင်းမြစ်ဝှမ်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေထဲကို လေကြောင်းကတိုက်ခိုက်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာပါ။ သူတို့ထိခိုက်နစ်နာပါတယ်လို့ စစ်ရှုံးလာတဲ့အခါတိုင်းမှာ ပြည်သူတွေကို ကျုးလွန်တိုက်ခိုက်တာပါ။"လို့ ရွှေကျင်မြို့နယ် ပအဖ တာဝန်ခံကပြောပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လေယာဥ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းနဲ့ဗုံးသီးချတာတွေကြောင့် ပျဉ်ရေကြီး၊ ညောင်ပင်ကြီး၊ ကုန်းတလကြီးကျေးရွာတွေအပါအဝင် ကျေးရွာ ၅ ရွာခန့်က သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေနဲ့ လူဦးရေ ၅၀၀ ကျော်ခန့်ဟာ ဘေးလွတ်ရာကျေးရွာတွေကို ကြိုတင်ရွေ့ပြောင်းနေထိုင်နေကြပြီး ကျေးရွာကနေ မပြောင်းရွှေ့ဘဲ အခြေအနေစောင့်ကြည့်နေကြသူတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၂၇ ရက်နေ့ညပိုင်းကလည်း ကျောက်တံခါးမြို့နယ်၊ နတ်တလင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ကလေး ၁ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ကိုချမ်း 

#မြေလတ်အသံ

#ပဲခူးတိုင်း #ညောင်လေးပင် #ရွှေကျင် #ပျဉ်ရေကြီး #ညောင်ပင်ကြီး #လေကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10