ရွှေကျင်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရ

ရွှေကျင်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဘောကထာကျေးရွာနဲ့ ကပလယ်ဒိုကျေးရွာကို စစ်တပ်ဘက်က လေကြောင်းရော လက်နက်ကြီးတွေနဲ့ပါပစ်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ မတ် ၁၅ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မတ် ၁၄ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီ ခမရ ၂၆၄ တပ်မှ ဘောကထာကျေးရွာဘက်ကို ၁၅၅ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ပြီး နေ့လယ် ၁၂ နာရီခွဲခန့်မှာ ကပလယ်ဒိုကျေးရွာဘက်ကို တိုက်လေယာဥ်တစီးနဲ့ ဗုံး ၅ လုံးကြဲချပြီး စက်သေနတ်နဲ့ ၁ ကြိမ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်တာတော့မရှိဘူး။ စကစဘက်က လက်နက်ကြီးပစ်တယ်။ လေကြောင်းကနေ ပစ်ခတ်တာလည်း ရှိတယ်။ လူတွေကတိုက်ပွဲမဖြစ်တော့ ပုံမှန်လည်ပတ်နေချိန် ရုတ်တရက် လာပစ်တာမျိုးဆိုတော့ ရှောင်ရှားချိန်မရကြဘူး"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်က လေကြောင်းနဲ့ပစ်ခတ်လို့ ကပလယ်ဒိုကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်ဝင်းသန်းနိုင် သေဆုံးပြီး ကိုသန်းထိုက် ၂၇ နှစ်မှာ ဒဏ်ရာပြင်းထန်ရခဲ့ကာ လက်ရှိမှာ ဆေးကုသမှုခံယူနေရပါတယ်။ 

ဒါ့အပြင် ကပလယ်ဒိုကျေးရွာက နေအိမ် ၃ လုံးမီးလောင်ပျက်စီးပြီး ဆိုင်ကယ် ၂ စီးပျက်စီးခဲ့ပါတယ်။

ပဲခူးအရှေ့ခြမ်းက မြို့နယ်တွေမှာ မတ် ၅ ရက်ကစတင်ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်မှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေကာ ပြီးခဲ့တဲ့ မတ် ၁၃ ရက် ညနေ ၄ နာရီခွဲလောက်မှာလည်း စစ်ကောင်စီရဲ့ ခမရ ၂၆၄ တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ရာ ကျောက်ကြီးမြို့နယ်၊ တောင်ခင်ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရွှေကျင် #စစ်ကောင်စီ #လေကြောင်း #လက်နက်ကြီး #ပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10