ရွှေကျင်-ညောင်လေးပင်ကားလမ်းပေါ်က စစ်ရေးအရသုံးနေတဲ့ တံတားမိုင်းခွဲခံရလို့ စစ်တပ်က ချက်ချင်းပြင်ဆင်

ရွှေကျင်-ညောင်လေးပင်ကားလမ်းပေါ်က စစ်ရေးအရသုံးနေတဲ့ တံတားမိုင်းခွဲခံရလို့ စစ်တပ်က ချက်ချင်းပြင်ဆင်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာနဲ့ ရေကြည်ချောင်းကျေးရွာကြား ရွှေကျင်-ညောင်လေးပင်ကားလမ်းပေါ်က စစ်ကောင်စီစစ်ရေးအရသုံးနေတဲ့ တံတားမိုင်းခွဲခံပြီး စစ်ကောင်စီဘက်က ချက်ချင်းပြန်ပြင်ဆင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇွန် ၂ ရက်မှာ မိုင်းခွဲခံလိုက်ရတဲ့ ဖိုးချိုတင်တံတားကို စစ်ကောင်စီဘက်က ရှင်းလင်းရေးတွေလုပ် မြေဖို့ကာ ချက်ချင်းပြန်လည်ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ 

"အခုက KNU တပ်မဟာ ၃ ဘက်ကို စကစက စစ်ကြောင်းထိုးနေတာလေ။ ဒါကြောင့် အဲ့လမ်းပိုင်းက တံတားကျိုးတာကို ချက်ချင်းပြန်ပြင်လိုက်တယ်။ ဒါမှ စစ်ရေးအရ သူတို့ ပြန်သုံးလို့ရမှာမို့ပဲ" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇွန် ၁ ရက် ညမှာ ဖိုးချိုတင်တံတားကို KNU ပူးပေါင်းအဖွဲ့တွေဘက်က မိုင်းထောင်ပြီး ဖြိုချလိုက်ပါတယ်။

မိုင်းခွဲခံရလို့ ၁၈ ပေ အကျယ်ရှိတဲ့တံတားဟာ လုံးဝသုံးလို့ မရအောင်ပြိုကျပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ KNU တပ်မဟာ ၃ နယ်မြေအတွင်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေသလို ရွှေကျင်ဗျူဟာမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးကိုယ်တိုင်အထိုင်ချပြီး စစ်ဆင်ရေးကို ကွပ်ကဲနေတယ်လို့ သိရပါတယ်။

အဆိုပါ ဖိုးချိုတင်တံတားကို စစ်ကောင်စီဘက်က စစ်ရေးအရသုံးနေလို့ ၂၀၂၃ အတွင်းကလည်း KNU ပူးပေါင်း အဖွဲ့တွေဘက်က မိုင်းထောင်ချိုးပစ်ခဲ့ပြီး မကြာခင်မှာပဲ စစ်ကောင်စီဘက်က ဘေလီတံတားနဲ့ အစားထိုးပြုပြင်ခဲ့ပါတယ်။

ပုံစာ - မိုင်းခွဲခံရပြီး ပြန်ပြင်ထားသည့် ဖိုးချိုတင်တံတား။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ညောင်လေးပင်မြို့ #ပုဇွန်မြောင်းကျေးရွာ #ရေကြည်ချောင်း #ရွှေကျင် #စစ်ကောင်စီ #တံတား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10