သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်က လာရောက်အထိုင်ချတပ်စွဲထားတာကြောင့် ပြည်သူတွေအနေနဲ့ ဘုရားအနီးသွားလာခြင်း မပြုဖို့ မင်းဘူးခရိုင် တပ်ရင်း ၆ က ဇန်နဝါရီ ၇ ရက် ဒီနေ့ ရက်စွဲနဲ့ မေတ္တာရပ်ခံ အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။
အခုလို စစ်ကောင်စီတပ်က ဘုရားအနီးလာရောက်တပ်စွဲထားတာကြောင့် ကျေးရွာ ၁၁ ရွာက ဒေသခံ ၁ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အင်အား ၁၃၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘုရားကုန်း၊ ၃ မိုင်ဂိတ်နဲ့ ပုဒေါင်းကျေးရွာတို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းကစလို့ လာရောက်တပ်စွဲနေထိုင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်မှာ အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မန်းရွှေစက်တော်ဘုရားအနီးမှာ စစ်အင်အားတိုးချဲ့ကာ ကြိုတင်ခံစစ်ပြင်ဆင်ထားပြီး ခရီးသွားပြည်သူတွေကို ပေါ်တာဆွဲ အတင်းအဓမ္မတပ်သားသစ်စုဆောင်းတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်တာတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို လူသားဒိုင်းလုပ်တာ၊ မိုင်းကွင်းဖြတ်ခိုင်းတာနဲ့ လမ်းမတွေပေါ်မှာ မိုင်းထောင်တာတွေလည်း လုပ်နေတယ်လို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
" ဒီဇင်ဘာ ၂၂ ရက်နေ့ကစလို့ အခုလအထိ အဖမ်းခံရတဲ့ ပြည်သူ ၁၀ ယောက်ကျော်ရှိတယ်။ အများစုကတော့ အမျိုးသားတွေပါ။ သူတို့ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေး” လို့ ပြောပါတယ်။
အခုလိုစစ်ကောင်စီက မန်းရွှေစက်တော်ဘုရားအနီးတပ်စွဲထားတာကြောင့် အနီးနားဝန်းကျင်မှာရှိတဲ့ ပုဒေါင်းရွာ၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ကိုင်းမကြီးရွာ၊ တင်ပြင်ခွေရွာ၊ အိုးပြင်မဲရွာ၊ အိုင်းမရွာ၊ လက်ပံတောရွာ၊ မဲချောင်ရွာ၊ ကသက်ရွာနဲ့ ဘုရားရွာမှ ဒေသခံပြည်သူတွေဟာ တော၊ တောင်တွေနဲ့ ဆွေမျိုးတွေရှိရာ မင်းဘူးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
မင်းဘူးမြို့နယ်အတွင်း အချိန်မရွေး တိုက်ပွဲများဖြစ်ပွားလာနိုင်တာကြောင့် မန်းရွှေစက်တော်ဘုရားအနီးကို ပြည်သူတွေ သွားလာခြင်းမပြုဖို့ မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်း တာဝန်ရှိသူတဦးက ဆိုပါတယ်။
ပြည်သူလူထုအနေနဲ့ မင်းဘူးမြို့ နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်းပိုင်း၊ လက်ပံတော-အိုင်းမ-ကိုင်းမကြီးလမ်းပိုင်းတွေကို အသုံးမပြုကြဖို့နဲ့ စစ်ကောင်စီတပ်၊ ရဲတွေရှိတဲ့ အနီးအနားတွေကို သွားလာနေထိုင်ခြင်းမပြုကြဖို့ကိုလည်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #မင်းဘူး #မန်းရွှေစက်တော် #စစ်ကောင်စီ #တပ်စွဲ #PDF
Share Share Share