ရွှေစျေးထိန်းဖို့ မန္တလေးမြို့ရွှေဆိုင်ပိုင်ရှင်တွေကို စစ်တပ်က ဖမ်းထား

ရွှေစျေးထိန်းဖို့ မန္တလေးမြို့ရွှေဆိုင်ပိုင်ရှင်တွေကို စစ်တပ်က ဖမ်းထား

မြန်မာနိုင်ငံတွင် ရွှေဈေးတက်လို့ဟုဆိုကာ နာမည်ကြီးရွှေဆိုင်ပိုင်ရှင်တွေအပါအဝင် မန္တလေးမြို့က ရွှေလုပ်ငန်းရှင် ၂၀ ဦးထပ်မနည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မြင့်တက်လာတဲ့ ရွှေဈေးနှုန်းကို ဆွဲချဖို့အတွက် ရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ မန္တလေးမြို့ပေါ်က ရွှေအရောင်းအဝယ်လုပ်ကိုင်သူတွေက ဆိုပါတယ်။

မန္တလေးမြို့က အဖမ်းခံရတဲ့ ရွှေဆိုင်တွေထဲမှာ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်၊ မောင်ကိန်း၊ 29 ရတနာ စတဲ့နာမည်ကြီးရွှေဆိုင်တွေအပြင် မန်းမြို့စျေးက ရွှေဆိုင်ပိုင်ရှင်တွေပါ ပါဝင်တယ်လို့ သိရပါတယ်။

"ဖမ်းထားတယ်လို့ ပြောရမှာပေါ့။ နေရတာတော့ အေးအေးဆေးဆေးနေရပါတယ်။ မနက် ၁၁ လောက်ဆို အိမ်ပြန်ခွင့်ပေးပြီး ညကျရင်ပြန်ဝင်ပေါ့။ အကျယ်ချုပ်ချထားသလိုပါပဲ" လို့ ရွှေလုပ်ငန်းရှင်တဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

ပြည်တွင်းရွှေစျေးမြင့်တက်နေတာကို ထိန်းချုပ်ဖို့အတွက် ဇွန် ၁၅ ရက်စပြီး ရွှေလုပ်ငန်းရှင် ၁၀ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးခဲ့ရာမှ တဖြည်းဖြည်းနဲ့ လူတိုးပြီး ဖမ်းဆီးလာတာလို့သိရပါတယ်။ ဖမ်းဆီးထားသူတွေကို မန္တလေးမြို့က စုံစမ်းစစ်ဆေးရေးရုံး(စစစ)မှာ ထားတယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီလက်ထက်မှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး အိမ်ခြံမြေ၊ ကားနဲ့ ရွှေစျေးနှုန်းတွေ အဆမတန်မြင့်တက်နေရာမှာ ရွှေစျေးတခုတည်းကို ထိုးပြီးဆွဲချနေလို့ မရဘူးလို့ ရွှေအရောင်းအဝယ်လုပ်ကိုင်နေသူတဦးက ပြောတယ်။

"အိမ်ခြံမြေစျေးကို ဘယ်စျေးမှ လိုက်မမီအောင်တက်နေတယ်။ ကားစျေး၊ ဒေါ်လာစျေး ဒါတွေ မကျဘဲ ရွှေစျေးကိုပဲ ဇွတ်ဆွဲချနေလို့ မရဘူး။ အခုလည်း စျေးထိန်းဖို့ ရွှေစျေးကွက်ကို ဇွန်လ တလလုံးနီးပါးပိတ်ခဲ့တယ်။ ဘယ်မှာ စျေးကျခဲ့လဲ။ ဒါတွေကို စဥ်းစားရမယ်"လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ရွှေစျေးနှုန်းဟာ မီးလင်းအခေါက် ရွှေတကျပ်သားကို ၂,၃၀၀,၀၀၀(နှစ်ဆယ့်သုံးသိန်း )ဝန်းကျင် သတ်မှတ်ထားပြီး အပြင်ရွှေပေါက်စျေးဟာ မီးလင်းအခေါက်ရွှေတကျပ်သားကို ၃,၃၀၀,၀၀၀(သုံးဆယ့်သုံးသိန်း)ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

သတင်း - ချမ်းသာ၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#ရွှေဈေး #ရွှေဆိုင်ပိုင်ရှင် #မန္တလေးမြို့  #ဖမ်းဆီး #ဒေါ်လာ #အိမ်ခြံမြေဈေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10