ရွှေဆိုင်က ပိုက်ဆံထုပ်တွေကားပေါ်တင်နေချိန် ဆိုင်ရှေ့ဓားပြတိုက်ခံရလို့ သိန်း ၁၀၀၀ ကျော်ပါသွား

ရွှေဆိုင်က ပိုက်ဆံထုပ်တွေကားပေါ်တင်နေချိန် ဆိုင်ရှေ့ဓားပြတိုက်ခံရလို့ သိန်း ၁၀၀၀ ကျော်ပါသွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁၊ ၃၂ လမ်းကြား ၈၅ (A) လမ်းရှိ စိန်ကျော်မိုးရွှေသန့်စင်လုပ်ငန်းဆိုင် မတ်လ ၂၇ ရက် မနေ့ည ၇ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပီနံအိတ်နဲ့ထည့်ထားတဲ့ငွေတွေကို ရွှေဆိုင်ဝန်ထမ်းတွေက ကားပေါ်တင်နေချိန် အမည်မသိလူ ၃ ဦး ကားနဲ့ရောက်ရှိလာပြီး ဆိုင်ရှေ့မှာ သေနတ်ပစ်ဖောက်ဓားပြတိုက်သွားတာကြောင့် သိန်း ၁၀၀၀ ကျော်ပါသွားတယ်လို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။


"ဆိုင်ကသိမ်းချိန်ဆိုတော့ ဆိုင်ကငွေတွေကို အိမ်ပြန်သယ်ဖို့ ဆိုင်ရှေ့ကကားပေါ်ကို တင်နေတာ။ အဲဒီအချိန်မှာပဲ ကား ၁ စီးနဲ့ လူ ၃ ဦးက ငွေတင်နေတဲ့ကားနားကိုရောက်လာပြီး သေနတ်ပြပြီး ကားပေါ်ကငွေထုတ်တွေကို သူတို့ကားပေါ်ယူတင်ပြီး ထွက်သွားတာ" လို့ ပြောပါတယ်။

ဓားပြတိုက်သူတွေဟာ အိမ်စီးကားအနက်ရောင်ယာဥ်နဲ့ လာရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး ငွေလုယူနေချိန် သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ဆိုင်ဝန်ထမ်းတွေကိုပစ်ခတ်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

စိန်ကျော်မိုးရွှေဆိုင်ကို ဓားပြတိုက်ကာ ငွေတွေလုယူသွားသူ လူ ၃ ဦးကို ညတွင်းချင်းဖမ်းဆီးရမိတယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာ ရေးသားထားပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်မှာ ဆေးဆိုင်နဲ့တွဲထားလျက်နေအိမ်ကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အိမ်ရှင်အမျိုးသမီးကို သတ်ဖြတ်ကာ ငွေ ၂၈ သိန်းနဲ့ ဖုန်းတွေကို ယူဆောင်သွားမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ရွှေဆိုင်ရှေ့ ဓားပြတိုက်ခံရမှု CCTV မှတ်တမ်း။

 စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10