ရွှေဈေး ၅၁ သိန်းကျော်လာချိန် အခြေခံလူတန်းစား အမျိုးသမီးတွေ နေ့စားလုပ်ခ ၄၀၀၀ ကျပ်သာရပြီး စားဝတ်နေရေးပိုကျပ်တည်းလာ

ရွှေဈေး ၅၁ သိန်းကျော်လာချိန် အခြေခံလူတန်းစား အမျိုးသမီးတွေ နေ့စားလုပ်ခ ၄၀၀၀ ကျပ်သာရပြီး စားဝတ်နေရေးပိုကျပ်တည်းလာ

မြန်မာနိုင်ငံရဲ့ ရွှေဈေးဟာ ဈေးကွက်ထဲမှာ အခေါက်ရွှေ ၁ ကျပ်သားကို ၅၁ သိန်းကျော်လာပြီလို့ ယနေ့ မေ ၂၅ ရက်ရဲ့ ပေါက်ဈေးကို ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရွှေဈေးဟာ ၂၀၂၄ ခုနှစ်အတွင်းဆက်တိုက်ဆိုသလို မြင့်တက်လာနေတာဖြစ်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ မေ ၂၄ ရက်အတွက် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားကို သိန်း ၄၀ ခန့်နဲ့ ရည်ညွှန်းဈေးဖွင့်ခဲ့ပါတယ်။ 

"ခုချိန်ကတော့ အ‌ခြေခံလူတန်းစားတွေကတော့ ပြန်ရောင်းများတယ်။ ငွေရှင်ကြေးရှင်သမားတွေကတော့ အဝယ်များတယ်" လို့ ပဲခူးတိုင်းအနောက်ခြမ်းက ရွှေလုပ်ငန်းရှင်အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ပြန်လည်ရောင်းချရာမှာ လက်ဝတ်ရတနာလိုမျိုး ရွှေထည်ပစ္စည်းတွေကို ရောင်းချမှု များပြားတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်မှာ မြန်မာအခေါက်ရွှေတကျပ်သားဟာ ၁၅ သိန်းမပြည့်သေးပေမယ့် မျက်မှောက်ကာလ ၂၀၂၄ ခုနှစ် မေလမှာတော့ ရွှေတကျပ်သားကို ၅၁ သိန်းကျော်သွားခဲ့တယ်လို့ Data for Myanmar က မေ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။ 

တဖက်မှာတော့ မြန်မာအခြေခံလူတန်းစား အမျိုးသမီးတွေရဲ့ နေ့စားလုပ်ခတွေဟာ ၂၀၂၁ ခုနှစ်ဝန်းကျင်မှာ ၃၅၀၀ ခန့်ရှိနေပြီး မျက်မှောက်ကာလ ၂၀၂၄ ခုနှစ်မှာတော့ ၃၅၀၀ နဲ့ ၄၀၀၀ ကျပ်ကြားမှာပဲ ရနေသေးတယ်လို့ အရောင်းဝန်ထမ်း အမျိုးသမီးငယ်တွေဆီက သိရပါတယ်။

"တချို့စတိုးဆိုင်တွေက အရောင်းဝန်ထမ်းလစာက တအားနည်းတယ်။ တလကို တသိန်းနှစ်သောင်းပဲပေးတယ်။ တနေ့ကို ၄၀၀၀ ပေါ့။ အလုပ်ကရှားနေတော့ ရှိတဲ့အလုပ်ကို မြဲအောင်လုပ်နေကြတာ။ အဆင်မပြေတာကတော့ ဘယ်လိုပြောရမှန်းကိုမသိဘူး” လို့ ပြည်မြို့က အရောင်းဝန်ထမ်း အမျိုးသမီးငယ်တဦးက ပြောပါတယ်။

အလားတူ ထမင်းဆိုင်၊ စားသောက်ဆိုင်နဲ့ ဈေးဆိုင်အကူ၊ ကြုံရာကျပန်းအလုပ်ကြမ်းလုပ်ရတဲ့ အမျိုးသမီးအများစုဟာလည်း တနေ့ကို ကျပ် ၄၀၀၀ ဝန်းကျင်မှာပဲ ရနေသေးတယ်လို့ သိရပါတယ်။

"ရွှေဈေးက ဒေါ်လာ အတက်အကျနဲ့ဆိုင်တော့ ဒေါ်လာတက်နေတော့ ကုန်ဈေးနှုန်းကတအားတက်ပြီး အ‌ခြေခံလူတန်းစားတွေတော့ လှိမ့်ခံနေရတာပေါ့" လို့ ပြည်မြို့က စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဈေးကွက်အတွင်း ကုန်ဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်လျှက်ရှိပြီး ကျောက်ရွေးဆန် ၁ ပြည်ကို ၆၅၀၀ ကျပ်၊ စားအုံးဆီတပိဿာ ၁၀၀၀၀ ကျပ်ဝန်းကျင်၊ ကြက်သား CP ကြက် တပိဿာ ၁၅၀၀၀ ကျပ်တို့မှာရှိနေရာ အမျိုးသမီးတဦး တနေ့လုပ်အားခမှာ ဆန်တပြည်ဖိုးပင် မရဘူးလို့ နေ့စားအမျိုးသမီးတွေဆီက သိရပါတယ်။

ပုံစာ - ပြည်မြို့ဧရာဝတီကမ်းနား ကုန်တင်ကုန်ချလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် အမျိုးသမီးများ (ပုံဟောင်း)။

#မြေလတ်သတင်း

#ရွှေဈေး #လုပ်ခလစာ #အမျိုးသမီး #စားဝတ်နေရေး #အခြေခံလူတန်းစား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10