ရွှေပန်းကုန်းရွာ စခန်းသိမ်းတိုက်ပွဲမှာ စခန်းမှူးအပါ ၁၅ ဦးကို အရှင်ဖမ်းမိထား

ရွှေပန်းကုန်းရွာ စခန်းသိမ်းတိုက်ပွဲမှာ စခန်းမှူးအပါ ၁၅ ဦးကို အရှင်ဖမ်းမိထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းရွာ ရဲစခန်းသိမ်းတိုက်ပွဲပြီးနောက် စခန်းမှူးအပါအဝင် ၁၅ ဦးကို ကာကွယ်ရေးတပ်တွေက အရှင်ဖမ်းမိထားတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။  

နိုဝင်ဘာလ ၂၁ ရက် မနက် ၂ နာရီလောက်မှာ အဲ့ဒီရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ကာ မနက် ၄ နာရီဝန်းကျင်မှာ စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပုန်းနေတဲ့ စခန်းမှူးနဲ့ဇနီးဖြစ်သူ အပါအဝင် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၉ ဦး စုစုပေါင်း ၁၁ ဦးကို ကနဦး ဖမ်းဆီးခဲ့ပါတယ်။  

အဲ့ဒီနောက် နိုဝင်ဘာ ၂၂ ရက် မနေ့ကမနက်ပိုင်းမှာ နောက်ထပ် ရဲဒုတပ်ကြပ်တဦး အပါအဝင် အမျိုးသား ၂ ဦးနဲ့ ညနေပိုင်းမှာ အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

"ဖမ်းမိတဲ့ ဗိုလ်လေး (ရဲဒုတပ်ကြပ်) ဆိုတဲ့သူက တိုက်ပွဲကိုမတိုက်ဘူး။ စဖြစ်ကတည်းက သူကရွာထဲမှာ ပုန်းနေတာ။ သူ့လက်အောက်က ကောင်တွေကို တိုက်ခိုင်းထားတာ။ ထွက်ပြေးဖို့ စီစဥ်နေတဲ့အချိန် ဖမ်းမိတာပါ"လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

နောက်ထပ်အမျိုးသမီး ၂ ဦးကိုတော့ အထက်ပါ ရဲဒုတပ်ကြပ်တို့ ၂ ဦးက နေအိမ်မှာပုန်းခိုင်းပြီး ထွက်ပြေးဖို့ ဆိုင်ကယ်တွေစီစဥ်ပေးထားတာကို စစ်ဆေးမိတာကြောင့် ဖမ်းဆီးလိုက်တာဖြစ်ပြီး စုစုပေါင်း ၁၅ ဦးဖမ်းဆီးထားနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အတည်ပြု ပြောဆိုပါတယ်။  

အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ ရဲတပ်သား ၅ ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်တဲ့နေ့မှာပဲ ရွှေပန်းကုန်းကျေးရွာ၊ သမ္မာရိုးကျေးရွာနဲ့ တောစပ်တွေကို စစ်ကောင်စီဘက်က လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် သမ္မာရိုးရွာလယ်က ဘုန်ကြီးကျောင်းဆောင်တခု ပျက်စီးခဲ့ပါတယ်။ 

အဲ့ဒီလို ဝက်လက်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နိုဝင်ဘာ ၂၀ ရက်က ရွှေဘိုမြို့နယ် လေ့ကျင့်ရေး ၈ တပ်ကနေ ဝက်လက်မြို့နယ်ဘက်ကို စစ်ကူလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီကား ၄ စီးကို ဘုန်းဘွဲ့ရွာအနီးမှာ ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီစစ်ကား ၄ စီးဟာ ရှေ့ဆက်မသွားနိုင်တော့ဘဲ သေဆုံးသူနဲ့ ဒဏ်ရာရစစ်သားတွေကို သယ်ဆောင်ပြီး ရွှေဘိုမြို့ဘက်ကို ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ဝက်လက် #ရွှေပန်းကုန်းရွာ #စစ်ကောင်စီ #အရှင်ဖမ်းမိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10