ရွှေပြည်အေးတိုက်ပွဲ ခွာစစ်နဲ့ အောင်မြင်စွာ ဆုတ်ခွာခဲ့ပြီး၊ စကစတွေ မြို့ထဲပြန်ဝင်ကာ ပြည်သူတွေကို ပစ်သတ်နေ

ရွှေပြည်အေးတိုက်ပွဲ ခွာစစ်နဲ့ အောင်မြင်စွာ ဆုတ်ခွာခဲ့ပြီး၊ စကစတွေ မြို့ထဲပြန်ဝင်ကာ ပြည်သူတွေကို ပစ်သတ်နေ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ ၄ ရက်တာ တိုက်ပွဲအပြီး မဟာမိတ်တပ်ပေါင်းစုတွေက ခွာစစ်နဲ့ ပြန်ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီက မြို့ထဲပြန်ဝင်ပြီး ပြည်သူတွေကို ပစ်သတ်တာ၊ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

စနစ်တကျ ခွာစစ်လုပ်ဖို့ အမိန့်ကျလာတဲ့အတွက် ဖေဖော်ဝါရီ ၄ ရက်နေ့ ညသန်းခေါင်မှာ သက်ဆိုင်ရာနေရာတွေဆီ ဆုတ်ခွာခဲ့ကြပြီး၊ စစ်ကောင်စီက မြို့ထဲပြန်ဝင်ခဲ့ကာ အခုလက်ရှိအချိန်ထိ ပြည်သူ ၃ ဦး ပစ်သတ်ခံထားရကာ ၂၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ HPDF အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

“သူတို့(စစ်ကောင်စီ)ဘက်က လက်ရှိမြို့ထဲမှာ အိမ်တွေရိုက်ခွဲ၊ ဆိုင်ကယ်တွေယူ၊ ရွှေတွေယူ၊ ငွေတွေယူ လုပ်နေတယ်။ မနေ့ကပြည်သူ ၂ ယောက်၊ တမြန်နေ့က ၁ ယောက် ပစ်သတ်ထားတယ်။ လက်နက်သံငြိမ်တဲ့ချိန် ပြည်သူတွေက သူတို့အိမ်ကိုသွားကြည့်ချင်ကြတာ၊ အဲ့အချိန်မှာ ခေါင်းတည့်တည့် ပစ်တယ်လို့ သိထားတယ်” လို့ ပြောပါတယ်။

ပစ်သတ်ခံထားရတဲ့ ပြည်သူတွေထဲက ရှမ်းနီလူမျိုးဖြစ်တဲ့ ကိုဇင်မျိုးထွဋ် ကျူတာဆရာတဦးကိုသာ ကနဦးအတည်ပြုထားနိုင်ပြီး တခြားပြည်သူ ၂ ဦးကတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၄ ရက်နေ့ ညနေထိ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့ကာ ၃ ရက်နေ့ကတော့ စစ်ကြောင်း ၂ ကြောင်းနဲ့ အဖိခံရတဲ့အတွက် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ခဲ့ပြီး၊ စစ်ကောင်စီဘက်က အထိနာကာ မဟာမိတ်တပ်ပေါင်းစုတွေဘက်ကတော့ မြို့ကိုစီးနင်းပြီး အောင်မြင်စွာ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာပတ်ပတ်လည်စခန်း ၄ ခုကို ဝင်စီးပြီး သူတို့ပင်မစခန်းတခုကို ၄ ရက်လောက် ထိုးစစ်လုပ်ခဲ့တယ်။ စစ်ကောင်စီဘက် ပျောက်ဆုံး ဒဏ်ရာရ ဆေးကုသ အားလုံးဆို ၁၀၀ နီးနီး ရှိတယ်။ စစ်တပ်ဆေးရုံမှာတောင် နေရာမလောက်လို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကိုတောင် လွှဲပေးထားတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ၁၀၀ ဝန်းကျင် ထိခိုက်သေဆုံးပြီး မဟာမိတ်‌တပ်ပေါင်းစုတွေဘက်ကလည်း HPDF-124 က ရဲဘော်တဦးနဲ့၊ ခန္တီးခရိုင် အမှတ် (၁)တပ်ရင်း-ဟုမ္မလင်းက ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိ ရွှေပြည်အေးမြို့ထဲကို စစ်ကောင်စီတပ်တွေ ဖြည်းဖြည်းချင်းဝင်ရောက် ချဉ်းကပ်နေပြီး၊ မြို့ထဲမှာတော့ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သလို တပ်ထွက်လည်းဖြစ်တဲ့ ဗိုလ်ကြီးမျိုးမင်းသန်း ကိုယ်ပိုင်အမှတ် ရေ-၄၃၂၃ ရောက်ရှိနေကာ ပြည်သူတွေကို ဦးဆောင်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

​​# မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10