ရွှေဘိုက တကန်သာရွာကို စစ်တပ်က လေကြောင်းက တိုက်ခိုက်လို့ လူနေအိမ်တွေ မီးလောင်

ရွှေဘိုက တကန်သာရွာကို စစ်တပ်က လေကြောင်းက တိုက်ခိုက်လို့ လူနေအိမ်တွေ မီးလောင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က တကန်သာကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ရဟတ်ယာဉ်တစီးနဲ့ ကျေးရွာကို ဝင်ပစ်လို့ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ရွှေဘိုမြို့၊ အမှတ် ၈ လေ့ကျင့်ရေးတပ်ကနေ ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေဟာ ဇူလိုင် ၁၇ ရက် မနက် ၁၁ နာရီကျော်ကနေ မွန်းတည့် ၁၂ နာရီအထိ တကန်သာကျေးရွာအနီး မီတာ ၁,၀၀၀ (ပေ ၃,၀၀၀ ကျော်) လောက်အကွာမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ညနေ ၅ နာရီအချိန်မှာတော့ စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်နဲ့ ညနေ ၆ နာရီအထိ တနာရီခန့်ကြာ တိုက်ခိုက်ခဲ့လို့ တကန်သာကျေးရွာရှိ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရဟတ်ယာဥ်နဲ့ တိုက်ခိုက်တဲ့အချိန်က ၁ နာရီဝန်းကျင်လောက်ကြာပြီး တကန်သာကျေးရွာပေါ်ကိုပစ်ခတ်ခဲ့တာမို့ ကျေးရွာကနေအိမ်တွေ မီးလောင်ခဲ့တာလို့ဆိုပါတယ်။

"တိုက်ပွဲမှာ စစ်တပ်က အထိနာလို့ထင်တယ်။ ညနေဘက်မှာ အနားကရွာကို လေယာဥ်နဲ့လာပစ်တာပဲ။တရွာလုံးတော့ မီးတွေလောင်နေတယ်" လို့ဒေသခံတဦးက ဆိုပါတယ်။

တိုက်ပွဲကြောင့် ကျေးရွာက ဒေသခံတွေဟာ ထွက်ပြေးရှောင်တိမ်းနေချိန်မို့ အထိခိုက်နည်းနိုင်ပေမယ့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တဖွဲ့မှာ ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

လေကြောင်းမှ ပစ်ခတ်သွားပြီးနောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ကျေးရွာကို မီးငြှိမ်းရန်နဲ့ ဒဏ်ရာရသူများကို ရှာဖွေကြရန်ပြင်ဆင်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #တကန်သာကျေးရွာ #လေကြောင်း  #Mi35

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10