ရွှေဘိုက ပျူကြီးစိုးတဲ့ရွာ ၅ ရွာကို ပကဖတွေ ၂ ရက်ဆက် တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ပျူကြီးစိုးတဲ့ ကျေးရွာ ၅ ရွာကို ရွှေဘိုမြို့နယ်ပကဖနဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်အထိနာပြီး လေကြောင်းပစ်ကူပေးခဲ့ရတယ်လို့ မြို့နယ်ပကဖဆီက သိရပါတယ်။

ဒီဇင်ဘာလ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ ရွှေဘိုမြို့နယ် ကူးတို့ဆိပ်၊ ညောင်ကိုင်း၊ ဆင်အင်း၊ မြင်းစီး၊ ပလိုင်း စတဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မနက်၉နာရီမှာ ဝင်တိုက်တယ်။ မတိုက်ခင်ထဲက သတင်းတွေအရင်နေ့တွေထဲက လုပ်ထားတော့ လေ့ကျင့်ရေး ၈ ကနေ ဟောင်ဝစ်ဆာတွေနဲ့ ပစ်တယ်။ ဝင်တိုက်တဲ့အခါ အပြန်အလှန်နေရာယူပြီးတိုက်တော့ ရန်သူ့ဘက်က တော်တော်လေးကိုနာတယ်။ နာတဲ့အချိန်မှာ သူတို့ Mi-35 လာတော့ပြန်ဆုတ်ရတယ်"လို့  ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီဘက်က အလောင်းတွေကို ကူးတို့ဆိပ်ရွာက နေအိမ်တလုံးထဲထည့်ကာ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒီကျေးရွာတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေဝင်ရောက်စီးနင်းချိန်မှာ မြင်းစီးကျေးရွာကို ဖြတ်တောက်ရေးလုပ်ဖို့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ထွေလီကာလီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။

ဒီရွာတွေဟာ မြင်းစီးပျူရွာနဲ့ တမိုင်ကျော်လောက်ပဲဝေးတာမို့ လမ်းကြောင်းဖြတ်တောက်တဲ့အနေနဲ့ ပစ်ကူပေးခဲ့တာလို့ သိရပါတယ်။

"မြင်းစီး မထွက်လာနိုင်တော့ဘူး။ ကျွန်တော်တို့ဒရုန်းနဲ့ပါ ထောက်ပြီးတော့ Rocketပစ်ခဲ့တာ"လို့ ထွေလီကာလီတော်လှန်ရေးတပ်ဖွဲ့မှ တပ်ခွဲမှူးကိုဗဒင်ကပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ကူးတို့ဆိပ်ရွာကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ညပိုင်းမှာ တပ်ပြန်ဆုတ်သွားပြီး အရှေ့ဘက်က ကန်သာကုန်းကျေးရွာဘက်အရောက်မှာ စစ်ကြောင်းပျောက်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ကြောင်းရန်ကြောင့် ကန်သာကုန်းကျေးရွာက ဒေသခံတွေတိမ်းရှောင်နေရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#စစ်ကိုင်းသတင်း #ပျူစောထီး #တိုက်ပွဲ #ပကဖ #ရွှေဘိုသတင်း #တိုက်ပွဲသတင်း #ရွှေဘိုပကဖ #ရုပ်သံသတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10