ရွှေဘိုခရိုင်တရားရုံး ဗုံးကြဲခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး ရုံးကိုပိတ်ထား

ရွှေဘိုခရိုင်တရားရုံး ဗုံးကြဲခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး ရုံးကိုပိတ်ထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တရားရုံးကို ဒီဇင်ဘာ ၂၆ ရက်မနက် ၁၀ နာရီကျော်မှာ မောင်းသူမဲ့လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ NDRF က ပြောပါတယ်။

 ရွှေဘိုမြို့၊ ထူထောင်ရေးရပ်ကွက်ရှိ ခရိုင်တရားရုံး မှာ အင်အား ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မောင်းသူမဲ့လေယာဥ် ၂ စီးနဲ့ ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

"သေဆုံးဒဏ်ရာရတာကို ကျနော်တို့ စကောက်ပြောလို့ အတည်ပြုနိုင်ခဲ့တာ။ တရားရုံးကိုတော့ ဒီနေ့အထိပိတ်ထားဆဲ။ ရှေ့နေတွေတော့ အထိအခိုက်မရှိခဲ့ဘူး" လို့ Ngwe Dwin Revolution Force တာဝန်ခံ ကိုစစ်နိုင်က ပြောပါတယ်။

ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ဆေးရုံမှာ ၁ ဦးနဲ့ အမှတ် (၈)လေးကျင့်ရေးတပ်မှာ ၃ ဦးအသီးသီး ဆေးကုသမှုခံယူနေရတယ်လို့ ကိုစစ်နိုင်က ပြောပါတယ်။

ဒါ့အပြင် တရားရုံးတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ရွှေဘိုမြို့ အဝင်၊ အထွက်ကို ပိတ်ပင်လိုက်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မှာတော့ ပြန်လည်ဖွင့်လိုက်ပြီ လို့သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ရွှေဘိုအားမာန် မြို့ပြပျောက်ကျားတပ်ဖွဲ့၊ ရွှေဘိုပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ကျားညီနောင်၊ MRTF NGWE DWIN REVOLUTION FORCE၊ တံတားညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သိဒ္ဓိရှင်၊ ဗိုလ်လင်းရောင်(ဒပယ)သိခ်အားမာန်၊ တိုက်နယ်၂ တပ်ပေါင်းစု တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ပုံစာ-တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်ကို တော်လှန်ရေးအင်အားစုများ သယ်လာကြစဉ် 

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ခရိုင်တရားရုံး #မောင်းသူမဲ့လေယာဉ် #နွေဦးတော်လှန်ရေး #ပကဖ #PDF #ပြောက်ကျားတပ်ဖွဲ့ #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10