ရွှေဘိုခရိုင်မီးသတ်ရုံး ဗုံးပစ်ခံရပြီး ဝန်ထမ်း ၂ ဦးဒဏ်ရာရ

ရွှေဘိုခရိုင်မီးသတ်ရုံး ဗုံးပစ်ခံရပြီး ဝန်ထမ်း ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ ရွှေဘိုခရိုင်မီးသတ်ရုံး ဗုံးပစ်ခံရပြီး ဝန်ထမ်း ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၈ ရက် မနက် ၈ နာရီခန့်မှာ ဆိုင်ကယ်စီး အမျိုးသား ၂ ဦးက မီးသတ်ရုံးဝင်းထဲကို အပြင်ကနေ ဗုံးပစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

"သူတို့လာပစ်တဲ့အချိန် အပြင်ကနေ မီးသတ်ဝင်းထဲကို ဝင်တဲ့ စာရေး အမျိုးသမီးတဦးပါ ထိသွားသေးတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုကြောင့် မီးသတ်ရုံးက လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည်ဖြိုးအောင် ၃၀ နှစ် နဲ့ အကြီးတန်းစာရေး အမျိုးသမီး အသက် ၃၀ ကျော်အရွယ်တို့ မစိုးရိမ်ရဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီဘက်က ခဏသာ လာရောက်စစ်ဆေးပြီး ပြန်သွားတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကတော့ ရွှေဘိုဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီဗုံးပစ်တိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့တွေက လုပ်တယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

အောက်တိုဘာ ၂၃ ရက်က ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံမှာ မိုင်းပေါက်ကွဲလို့ အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရသွားသေးတယ်လို့ သိရပါတယ်။

သတင်း - ကျော်ကြီး၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #ရွှေဘိုခရိုင်မီးသတ်ရုံး #ဗုံးပေါက် #ဝန်ထမ်း #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10