ရွှေဘိုတွင် ရွာခံတွေကို စစ်တပ်က အဓမ္မပျူလုပ်ခိုင်းပြီး သေနတ်ပေးကိုင်၊ သေဆုံးသူ ရွာခံတွေရှိ

ရွှေဘိုတွင် ရွာခံတွေကို စစ်တပ်က အဓမ္မပျူလုပ်ခိုင်းပြီး သေနတ်ပေးကိုင်၊ သေဆုံးသူ ရွာခံတွေရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှရွာမှာ တပ်စွဲနေတဲ့စစ်ကောင်စီတပ်က ရွာသူ၊ ရွာသားတွေကို အဓမ္မပျူစောထီးလုပ်ခိုင်းပြီး သေနတ်ပေးကိုင်ကာ ကင်းစောင့်ခိုင်းတာတွေလုပ်နေတာကြောင့် တိုက်ပွဲဖြစ်တဲ့အခါ သာမန်ရွာခံ အရပ်သားတွေ သေဆုံးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဇူလိုင် ၂၃ ရက် မနက်အစောပိုင်း ၃နာရီခန့်မှာ PDF တွေက ပျူစောထီးရွာလို့ နာမည်ကြီးတဲ့ ညောင်ပင်လှကျေးရွာက စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၃၀ ခန့်ရှိတဲ့စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ကိုင်ပျူစောထီးတွေသေဆုံးခဲ့တယ်လို့ မြေလတ်အသံမှာ‌ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီသတင်းနဲ့ပတ်သက်ပြီး သေဆုံးခဲ့ရသူအများစုဟာ စစ်တပ်နဲ့ ရွာခံပျူစောထီးခေါင်းဆောင်ဖြစ်သူတို့က အတင်းအဓမ္မ ပျူစောထီးလုပ်ခိုင်းကာ ကင်းစောင့်ခိုင်းထားတဲ့ သာမန်ရွာခံအရပ်သားတွေသာဖြစ်တယ်လို့ မြေလတ်အသံသတင်းဌာနကို ဆက်သွယ်သတင်းပို့ခဲ့ပါတယ်။

ညောင်ပင်လှကျေးရွာ တရွာလုံးတွင် အမှန်တကယ်ပျူစောထီးလုပ်သူမှာ ၅ ဦးသာရှိပြီး ကျန်ရှိတဲ့သူတွေဟာ သာမန်အရပ်သူ၊ အရပ်သားတွေသာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"သေဆုံးဒဏ်ရာရထဲမှာ ဦးမှူးတယောက်ပဲ ပျူစောထီး၊ ကျန်တဲ့သူတွေက စစ်တပ်နဲ့ပျူတွေရဲ့ ဖိအားပေးခိုင်းစေမှုကြောင့် ပျူစခန်းမှာ ကင်းလာစောင့်ပေးရတဲ့ ရွာသားတွေပါ။ ညောင်ပင်လှမှာ လက်နက်ကိုင် ပျူစောထီး ၅ ယောက်ပဲရှိပါတယ်" လို့ ညောင်ပင်လှရွာဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

သေဆုံးသူ ၅ ဦးအနက် အသက် ၆၀ အရွယ် ဦးမှူးဆိုသူ တဦးသာ ကျေးရွာတာဝန်ခံပျူစောထီးဖြစ်ပြီး ကျန်သူတွေဖြစ်တဲ့ ဦးတင်အောင် ၆၀နှစ်၊ ကိုတင်မောင်လင်း ၃၀နှစ်၊ မနွေးနွေး ၂၈နှစ်၊ ဦးသန်းတင် ၅၀နှစ်နဲ့ ဒဏ်ရာရသူ ၃ ဦးဖြစ်တဲ့ ဦးဝင်းညွန့် ၆၀နှစ်၊ မဆွေဆွေဝင်း ၃၈နှစ်၊ ကိုဖိုးသိုက် ၃၅နှစ်တို့ဟာ သာမန်ရွာခံ အရပ်သားတွေသာဖြစ်တယ်လို့ ရွာခံတွေက ဆိုပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ပျူစောထီးခေါင်းဆောင် ဦးမှူးတို့က ရွာက လူငယ်တွေကို ပျူစောထီးထဲဝင်ခိုင်းတာ တွေရှိတာကြောင့် လူငယ်တွေဟာ ညောင်ပင်လှကျေးရွာမှာ မနေရဲဘဲ တခြားမြို့တွေဆီ ခိုးထွက်ကာ အလုပ်လုပ်ရင်းနေရသူတွေလည်းရှိတယ်လို့ သိရပါတယ်။ 

ရွာမှာကျန်ရှိကြတဲ့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းတွေဟာလည်း ရွာကနေ ထွက်သွားချင်ပေမယ့် စစ်တပ်နဲ့ ပျူစောထီးတွေကြောင့် ထွက်လို့မရဘဲဖြစ်နေကြတာလို့ ညောင်ပင်လှရွာခံတဦးက ပြောပါတယ်။

"ရွာသားတွေက အလှည့်ကျ ကင်းစောင့်ပေးရပါတယ်။ မစောင့်မနေရပါ။ အသက်အရွယ်မရွေး ကင်းစောင့်ပေးရတယ်။ သေနတ်ပေးကိုင်ထားပေမယ့် ရွာသားတွေက မပစ်တတ်ဘူး။ တိုက်ပွဲဖြစ်တော့ ရွာသားတွေက ကြားညပ်ပြီး သေကုန်တာပါ။ လက်နက်အမြဲကိုင်ထားရတဲ့ ပျူတွေကိုပဲ သေနတ်ပစ်သင်ပေးထားတာပါ။ ရွာသားတွေကို သင်မပေးပါဘူး" လို့ ဆိုပါတယ်။

အဆိုပါ ပျူစခန်းသိမ်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက တိုက်ပွဲအတွင်း ပျူစောထီး ၉ ဦး သေဆုံးကာ  ကာဘိုင် ၂ လက်၊ ကိုးလုံးဆီမီးရိုင်ဖယ် ၁ လက်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကိုးလုံးကျည် ၂၅တောင့်၊ ကျည်ဘောက် ၁ခု၊  အီကွေ့မန့် ၇ ခု၊ Huawei ဖုန်း ၁လုံး သိမ်း ဆည်းနိုင်ခဲ့တယ်လို့  မြေလတ်အသံကိုပြောဆိုထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ညောင်ပင်လှရွာ #ပျူစောထီး #အတင်းအဓမ္မ #လက်နက်ကိုင် #ရွာသား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10