ရွှေဘိုနယ်မှာ ၁၀ ရက်ကြာစစ်ကြောင်းထိုးသွားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်တွေက စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နိုင်ခဲ့

ရွှေဘိုနယ်မှာ ၁၀ ရက်ကြာစစ်ကြောင်းထိုးသွားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်တွေက စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၎င်းတို့စစ်ကြောင်းဝင်ရောက်တဲ့ ၁၀ ရက်တာအတွင်း စစ်ရေးအရဖိအားပေးတိုက်ခိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်မှာ ရွှေဘိုမြို့ဘက်ကနေ အင်အား ၁၅၀ ကျော်နဲ့ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အဆိုပါနေ့မနက်ပိုင်းက အိုးဘိုကျေးရွာထိပ်မှာ ၁ ကြိမ်၊ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက ချီပါရွာထိပ်မှာ ၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး ၎င်းစစ်ကြောင်း ချီပါရွာမှာတပ်စွဲနေစဉ် ဒရုန်းဗုံးတွေနဲ့ နေ့ရောညပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ထိတွေ့တိုက်ပွဲက အိုးဘိုနဲ့ချီပါ ၂ ခါပဲထိတွေ့ဖြစ်တာ။ ဒရုန်းနဲ့တိုက်ခိုက်တာက နေ့ရောညရော ၂၄ နာရီပဲ။ ချီပါထဲမှာ သူတို့ရှိနေချိန်က ၂၄ နာရီပဲ ချတာ။ ချီပါပတ်ပတ်လည်ကို ဝိုင်းထားပြီး ဒရုန်းတွေနဲ့ ချနေတော့ သူတို့မထွက်နိုင်ဖြစ်ခဲ့တာ။"လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းက ချီပါရွာမှာ နိုဝင်ဘာ ၁ ရက်ကနေ ၇ ရက်အထိ ၇ ရက်ကြာတပ်စွဲနေထိုင်ခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက် ည ၁၀ နာ ရီကျော်မှာ ရွှေဘိုဘက်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

"ချီပါရွာထဲရှိနေချိန် ဒရုန်းချတာဆို အကြိမ်ရေကိုမမှတ်မိလောက်အောင်ပဲ။ မဟာမိတ်အဖွဲ့တွေက လာဝိုင်းချတာဆိုတော့။ အကြိမ်ရေစုစုပေါင်းဆို ရာကျော်မယ်။ မနက်လင်းကတည်းက ညထိပဲ။ ၁ နာရီ ၁ ကြိမ်၊ ၂ နာရီ ၁ ကြိမ်လောက်ကို သွားချနေတာ။ ညကျတော့ နည်းနည်းကျဲတယ်" လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ချီပါရွာထိပ်တိုက်ပွဲဖြစ်ပြီးနောက် တော်လှန်ရေးအဖွဲ့တွေ နယ်မြေရှင်းလင်းချိန် သွေးတွေစွန်းထင်းနေတဲ့ စစ်ယူနီးဖောင်းတွေ တွေ့ရှိခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ပကဖက ဆိုပါတယ်။

အိုးဘိုရွာထိပ်တိုက်ပွဲနဲ့ ဒရုန်းဗုံးတိုက်ခိုက်မှုတွေမှာလည်း စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးများနိုင်ပေမယ့် အခြေအနေအသေးစိတ်ကိုတော့ မသိရှိရဘဲ ထိတွေ့တိုက်ပွဲ ၂ ကြိမ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ရဲဘော် ၂ ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေဘိုကနေ ပလိုင်းရွာကစစ်ကောင်စီတပ်ဖွဲ့ကို ရိက္ခာပို့မယ့် စစ်ကြောင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တာတွေကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်ဆုတ်သွားကြရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ရွှေဘိုမြို့နယ်မြို့နယ်ပကဖ PDO ရဲ့ စီမံကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ် PDO ဒရုန်းအဖွဲ့၊ တိုက်နယ် ၅ ဂဠုန်ကြီး Fixed Wings Drone အဖွဲ့ ၊ ဘီလူးညီနောင် Fixed Wings Drone အဖွဲ့၊ အားမာန် Fixed Wings Drone အဖွဲ့၊ IC Fixed Wings Drone အဖွဲ့၊ NTG ခင်ဦး ဒရုန်းအဖွဲ့နဲ့ Black Eagle လက်နက်ကြီးအဖွဲ့တွေအပြင် ပူးပေါင်းအဖွဲ့ ၂၀ ကျော်က တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

တိုက်ပွဲကြောင့် ချီပါမြောက်ရွာ၊ အိုးဘို၊ မင်းကုန်း၊ ပြင်ညကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ထွက်ပြေးနေကြရပြီး စစ်ကြောင်းပြန်ထွက်သွားပြီဖြစ်လို့ နိုဝင်ဘာ ၉ ရက် ဒီကနေ့မှာတော့ ဒေသခံအများစု ကျေးရွာတွေမှာ ပြန်လည်နေထိုင်နေကြပြီလို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #တိုက်ပွဲ #စစ်ကြောင်းထိုး #စစ်တပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10