ရွှေဘိုနယ်မှာ စစ်ကောင်စီတပ်တွေကို  ၂ ရက်ဆက် တိုက်ခိုက်ခဲ့လို့ သေဆုံးမှုရှိဟုဆို

ရွှေဘိုနယ်မှာ စစ်ကောင်စီတပ်တွေကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့လို့ သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတခုနဲ့ ရွာကိုမီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းတို့ကို ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း အမှတ် ၂၃ ဆီက သိရပါတယ်။

ဇွန်လ ၁၈ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ ကင်းဗျားရွာကိုမီးရှို့ပြီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံးခဲ့သလို ၁၉ ရက်မနက် ၁၀ နာရီမှာ အမှတ် (၄) ရပ်ကွက်ရှိ နန်းတော်အဆောက်အဦထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ပစ်ဗုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၈ ဦးသေဆုံးခဲ့တာလို့ သိရပါတယ်။ 

"နေအိမ်တွေကို မီးရှို့ပြီးတော့ ကင်းဗျားနဲ့ အိုးဗိုရွာကြားမှာ စကစ ၆ ကောင် ကင်းပုန်းဝပ်နေတာကို လက်နက်ငယ်နဲ့ လက်လှမ်းမမီတော့ စနိုက်ပါနဲ့ပစ်တာ။ ၂ ကောင်သေတာကိုတော့ မျက်မြင်တွေ့ခဲ့ရတယ်။ နန်းတော်ထဲက စကစတွေကိုတော့ ၃ နေရာခွဲပြီး ပစ်ခတ်ခဲ့တာ။ ၈ ကောင်သေတာကို ကားနဲ့ ဆေးရုံတင်ယူတဲ့အချိန်မှာ မြင်တွေ့ရတဲ့ဒေသခံတွေက ပြောတာ"လို့ ရွှေဘိုခရိုင် တပ်ရင်းအမှတ် ၂၃ မှ တပ်ရင်းမှူးက ပြောပါတယ်။

ဒီသေဆုံးမှုတွေနဲ့ ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

နန်းတော်အဆောက်အဦထဲမှာ စစ်သားနဲ့ရဲအင်အား ၁၀၀ ခန့်ရှိကာ တိုက်ခိုက်ခံရပြီးနောက် နန်းတော်အနီးရှိ ရပ်ကွက်စျေးထဲက ဒေသခံအမျိုးသား ၅ ဦးကို ရိုက်နှက်ဖမ်းဆီးသွားခဲ့ကာ ညနေ ၅ နာရီလောက်မှ ပြန်လွှတ်ပေးလိုက်တယ်လို့ တပ်ရင်း ၂၃ မှ တပ်ရင်းမှူးကပြောပါတယ်။

အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ကင်းဗျားကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၁၈ ရက်မနက်ပိုင်းကနေ ညနေ ၄ နာရီကျော်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၂၀ ရက် ဒီကနေ့အထိ ရွာဘုန်းကြီးကျောင်းထဲ တပ်စွဲနေသေးတာကြောင့် ပျက်စီးမှုအခြေအနေကို မသိရှိရပေမယ့် ရွာလုံးကျွတ်နီးပါး ပျက်စီးနိုင်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းကြပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ရွှေဘိုခရိုင်တပ် ရင်းအမှတ် ၂၃၊ MDF Shwebo၊ ရွှေဘိုခရိုင် တပ်ရင်း ၄၊ ငါးမည်ရပြောက်ကျားတပ်ဖွဲ့၊ စနိုက်ပါတပ်ဖွဲ့၊ ရွှေဘိုကျားကြီးပြောက်ကျားတပ်ဖွဲ့၊ Naung Yoe Army တပ်ခွဲ(၁) စတဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ ၁၈ ရက်မှာလည်း နန်းတော်ရာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရွှေဘိုခရိုင်၊ တပ်ရင်းအမှတ် ၂၃ အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ပါဆယ်မိုင်းချပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ပုံစာ - ဇွန်လ ၁၈ ရက်က ကင်းဗျားနဲ့အိုးဗိုရွာအကြား ကင်းပုန်းဝပ်နေတဲ့ စစ်​ကောင်စီတပ်သားတွေကို တိုက်ခိုက်နေချိန်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ကင်းဗျားရွာ #PDF #တိုက်ခိုက် #စစ်ကောင်စီ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10