ရွှေဘိုနယ်၊ ဇီးဖြူကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးပစ်ခတ်လို့ အမျိုးသား ၄ ဦးသေဆုံး

ရွှေဘိုနယ်၊ ဇီးဖြူကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးပစ်ခတ်လို့ အမျိုးသား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကို စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီး ပစ်ခတ်တာကြောင့် အမျိုးသား ၄ ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်အချို့လည်း သိမ်းခံလိုက်ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနက် ၆ နာရီကျော်မှာ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဇီးဖြူကုန်းရွာကို ဝင်ရောက်လာပြီးနောက် တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ 

"စကစ စစ်ကြောင်းဝင်လာတော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က အင်အားများတယ်။ တိုက်ပွဲက အချိန်တော်ကြာ ဖြစ်သွားတယ်။ ရဲဘော်တွေဘက်ကတော့ အားမတန်လို့ ပြန်ဆုတ်လာရတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်းရှိ အမျိုးသား ၄ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ 

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ ဇီးဖြူကုန်းရွာတိုက်ပွဲမှာ PDF ၄ ဦးအသေရပြီး လက်လုပ်စိန်ပြောင်း ၂ လက်အပါအဝင် သေနတ် ၁၀ လက်နဲ့ မိုင်း ၂၃ လုံးသိမ်းဆည်းရမိတယ်လို့ ရေးသားထားကြပါတယ်။

အဆိုပါသေဆုံးသူ အမျိုးသား ၄ ဦးဟာ ဒေသခံလား၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလားဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။  

လက်ရှိအချိန်ထိ ဇီးဖြူကုန်းကျေးရွာတဝိုက်မှာ စစ်ကောင်စီစစ်ကြောင်းတွေရှိနေပြီး  နှစ်ဖက်စစ်ရေး တင်းမာမှုတွေရှိကာ ဒေသခံရာချီလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဇီးဖြူကုန်း #စစ်ကောင်စီ #စစ်ကြောင်းထိုး #ပစ်သတ် #အမျိုးသား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10