ရွှေဘိုပကဖ ၁ နှစ်ကျော်ကြာသိမ်းယူထားတဲ့ ရွှေဘိုမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ပိုင် လက်နက်၊ခဲယမ်းတွေ ပြန်ပေးဖို့ တောင်းဆို

ရွှေဘိုပကဖ ၁ နှစ်ကျော်ကြာသိမ်းယူထားတဲ့ ရွှေဘိုမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ပိုင် လက်နက်၊ခဲယမ်းတွေ ပြန်ပေးဖို့ တောင်းဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ ရွှေဘိုမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းတွေကို ရွှေဘိုခရိုင်/မြို့နယ်ပကဖ၊ ပလဖက ဖမ်းဆီးသိမ်းဆည်းထားတာ ၁ နှစ်ကျော်ရှိနေပြီဖြစ်လို့ ပြန်ပေးဖို့ အဲ့ဒီတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

ဖမ်းဆီးမှုမှာပါဝင်ခဲ့တဲ့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရွှေဘိုကာကွယ်ရေးရဲဘော်တဦးကတော့ ဖမ်းဆီးမှုဟာ စစ်ဒေသ ၁၊ အမှတ် ၂ ကွပ်ကဲရေးရုံးရဲ့ ဖမ်းဆီးမိန့်၊  မြို့နယ်ပကဖရဲ့ ဖမ်းဆီးခွင့်အမိန့်တွေနဲ့ လုပ်ဆောင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ စစ်ခုံရုံးကို ပို့ရမယ်ဆိုပြီး တောင်းဆိုတာဖြစ်တဲ့အတွက် ဝိုင်းပြီးဖမ်းရတယ်။ တနေကုန်ထိုင်စောင့်တယ်ဗျာ။ မနက် ၁၁ ထဲက ကျတော်တို့ ဝိုင်းထားတယ်။ လက်နက်ချဖို့ အကြိမ်ကြိမ်ပြောတယ်။ မရတဲ့အချိန်မှာ ညနေ ၆ နာရီထိုးလို့မှ လက်နက်မချရင် ပစ်ဖမ်း ဖမ်းရတော့မယ်ဆိုပြီး အမိန့်ကျထားတယ်။ ကဲ ဖမ်းကြစို့ဆိုပြီး ပြင်တဲ့အချိန်ကျမှ ဖမ်းတော့မယ်ဆိုခါနီးလေး ၅ မိနစ်ကျန်မှ လက်နက်ချတယ်ဆိုပြီး ဆိုင်ကယ်တွေနဲ့ ထွက်လာကြတယ်” 

ပြီးခဲ့တဲ့နှစ် ဇွန် ၆ ရက် မနက်ပိုင်းက ရွှေဘိုမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၁၅ ဦး၊ တကိုယ်တော် ဗိုလ်စနေ စုစုပေါင်း ၁၆ ဦးက ချီပါကျေးရွာနေ ဆန်ကုန်သည် ၁ ဦးကို ဒလန်(သတင်းပေး)ဟုဆိုကာ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရှင်းလင်းမှုအပေါ် ရွှေဘိုမြို့နယ်ပလဖနဲ့ ပကဖ၊ ရွှေဘိုခရိုင်တပ်ရင်း ၂ ခု ပူးပေါင်းကာကွယ်ရေးရဲဘော်အင်အား ၅၀၀ ကျော်က လူသတ်ဓားပြတိုက်တယ်ဆိုကာ ၎င်းတို့ ၁၆ ဦးနဲ့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းတွေကို ချီပါရွာအနီးမှာ ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်၊ တိုက်နယ် ၅ နယ်မြေအတွင်းရှိ ချီပါကျေးရွာနေ ဆန်ကုန်သည် ဦးကျော်ဟန်ကို ရှင်းလင်းတာမှာ မိုးကြိုးမုန်တိုင်းတပ်ဖွဲ့ဝင်တွေ ပါဝင်တာမှန်ကန်ပေမယ့် အဲ့ဒီရှင်းလင်းမှုကို ရွှေဘိုတိုက်နယ် ၅ ပကဖတာဝန်ခံ ယမ်းဘီလူးဘကျော်က အကူညီတောင်းလို့ ပါဝင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့က ဆိုပါတယ်။

“ ဒီအမှုတွဲကို တရားရုံးမှာရှိရင်လည်း ဆင့်ခေါ်ပါ၊ စစ်ဆေးပါ။ အပြစ်ရှိတယ်ဆိုလည်း အပြစ်ချ၊ မရှိဘူး ဟေ့ ဆိုရင်လည်း ဘုန်းကြီးတို့က တော်လှန်ရေးလုပ်နေတဲ့အတွက် ဘုန်းကြီးတို့ရဲ့လက်နက်တွေ ပြန်ရချင်တယ်ပေါ့နော်။” လို့ ရွှေဘိုမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ရဲ့ နာယကဆရာတော် ဦးသုဇာတက မိန့်ပါတယ်။ 

လူသတ်ဓားပြတိုက်တယ်ဆိုကာ ဖမ်းဆီးခံထားရတဲ့ ရဲဘော် ၁၆ ဦးဟာ ရွှေဘို၊ ခင်ဦးနဲ့ ဝက်လက်မြို့နယ် ပလဖရုံးတွေမှာ  ၆ လကျော် ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်မှာ အာမခံနဲ့ ပြန်လွတ်လာခဲ့ပေမယ့် လက်နက်ခဲယမ်းတွေကတော့ ၁ နှစ်ကျော်ကြာ ဒီကနေ့ထိ ပြန်မရသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ မိုးကြိုးမုန်တိုင်းတပ်ဖွဲ့ဝင် ရဲဘော် ၁၆ ဦးအနက် ၄ ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ချီပါရွာဖြစ်စဥ်မှာ ၎င်းတို့အဖွဲ့အပြင် တိုက်နယ် ၅ ပကဖ အဖွဲ့၊ တကိုယ်တော်ဗိုလ်စနေ၊ ပြည်လျှံအဖွဲ့ စတဲ့အဖွဲ့တွေပါဝင်ခဲ့ပြီး ရှင်းလင်းဆောင်ရွက်မှုအတွင်း ၎င်းတို့အဖွဲ့အနေနဲ့ ကင်းစောင့်တာဝန်သာယူခဲ့ကာ ဆန်ကုန်သည်ကို ပစ်ခတ်တဲ့သူကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိဘူးလို့ ပြောဆိုကြပါတယ်။

“ကျနော်တို့က အဲ့နေ့ဖြစ်စဥ်မှာ ရွာထိပ်ကင်းပဲ ကြည့်ခဲ့တာ။ အဲ့မှာ သူတို့ အိမ်ထဲဝင်တဲ့အဖွဲ့က သပ်သပ် ၁ ဖွဲ့ဝင်သွားတယ်ဗျ။ ဝင်သွားပြီးလူတွေ့ပြီဆိုတာနဲ့ ကျနော်တို့က ပြန်ခေါက်ရတယ်။”

သိမ်းဆည်းခံထားရတဲ့ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကတော့ မိုးကြိုးမုန်တိုင်းတပ်ဖွဲ့ပိုင် FO ရိုင်ဖယ် ၁ လက်၊ Type 81 ပါရီ ၅ လက်၊ အိန္ဒိယစနိုက်ပါ ၃လက်၊ ၉ လုံးမောင်းပြန် ၁ လက်၊ ပစ္စတို ၂ လက်၊ M16 A4 စနိုက်ပါ ၁ လက်၊ စုစုပေါင်း သေနတ် ၁၃ လက်၊ ကျည်ဘောက်မျိုးစုံ ၁၈ ခု၊ ကျည်ဆန်မျိုးစုံ ၅၀၀ တောင့်နီးပါး၊ လက်ပစ်ဗုံး ၃ လုံး၊ ကလလ(လက်ပစ်ဗုံးတမျိုး) ၃ လုံး၊ အီနာဂါ ၅ လုံး၊ စကားပြောစက် ၂ လုံး၊ ကျည်ကာဦးထုပ် ၃ လုံး၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ဓား ၄ ချောင်းနဲ့ ဆိုင်ကယ် ၇ စီးတို့ဖြစ်ပြီး အဆိုပါပစ္စည်းတွေကို ဘယ်နေရာမှာ သိမ်းဆည်းထားတယ်ဆိုတော့မသိရဘူးလို့ တပ်ဖွဲ့ကဆိုပါတယ်။

လက်ရှိ သိမ်းဆည်းခံထားရတဲ့ လက်နက်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီးဌာနက ချထားပေးတဲ့ လက်နက်တွေမဟုတ်ဘဲ ပြည်သူတွေရဲ့လှူဒါန်းမှုအပါအဝင် တပ်ဖွဲ့ပိုင်ငွေတွေနဲ့ ဝယ်ယူထားတာဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ခဲယမ်းတွေ သိမ်းယူထားတာနဲ့ပတ်သက်လို့ ယခုနှစ်ဧပြီ ၁၉ ရက်မှာ ရွှေဘိုမြို့နယ်ပလဖ၊ ပအဖ နဲ့ မြို့နယ်တရားသူကြီး စတဲ့အဖွဲ့အစည်းတွေထံကိုလိပ်မူပြီး ပြန်လည်တောင်းခံစာပို့ခဲ့ပေမယ့် သက်ဆိုင်ရာ ပလဖ၊ ပအဖတွေဘက်က တစုံတရာပြန်လည်တုံ့ပြန်တာမျိုးမရှိကြောင်း၊ ဒါ့အပြင် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကူညီဖြေရှင်းပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ထံ စာပေးပို့ထားမယ့် NUG အစိုးရဘက်ကလည်း  တုံ့ပြန်မှုမရှိကြောင်း နာယကဆရာတော်က မိန့်ပါတယ်။

ရွှေဘိုနယ်အပါအဝင် ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ခင်ဦး၊ ဒီပဲယင်းမြို့နယ်တွေမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကတော့ ရွှေဘိုမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ဟာ ဒလန်လို့သတ်မှတ်ပြီး လူသတ်မှုကျူးလွန်တာ၊ ပစ္စည်းယူဆောင်တာ စတဲ့ဖြစ်စဥ်တွေ အများစုရှိထားသလို တချို့ကလည်း အဲ့ဒီအဖွဲ့အပေါ်နားလည်မှုလွဲကြတာလို့ မှတ်ချက်ပြုကြပါတယ်။

ရွှေဘိုမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ နာယကဆရာတော် ဦးသုဇာတကတော့ ၎င်းတို့တပ်ဖွဲ့ထံ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တရားရုံးမှာအမှုတွဲရှိပါက အချိန်မရွေး ဆင့်ခေါ်စစ်ဆေးလို့ရပြီး အပြစ်ရှိကြောင်းတွေ့ရှိရင်လည်း တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြစ်ဒဏ်ခံယူမှာဖြစ်ကြောင်းနဲ့ လက်ရှိအချိန်ထိတော့ တရားရင်ဆိုင်ဖို့နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ ဆက်သွယ်လာတာမရှိဘူးလို့ မိန့်ကြားထားပါတယ်။

ပုံစာ - သိမ်းဆည်းခံခဲ့ရသည့် လက်နက်ခဲယမ်းများနှင့် ရွှေဘိုမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ နာယကဆရာတော် ဦးသုဇာတ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ရွှေဘို #ပလဖ #ပကဖ #လက်နက်ခဲယမ်း #ရွှေဘိုမိုးကြိုးမုန်တိုင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10