ရွှေဘို-မြစ်ကြီးနားလမ်းမှာ စစ်တပ်ကြဲတဲ့ ဒရုန်းဗုံးထိမှန်သူတွေထဲက ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

ရွှေဘို-မြစ်ကြီးနားလမ်းမှာ စစ်တပ်ကြဲတဲ့ ဒရုန်းဗုံးထိမှန်သူတွေထဲက ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှန်နီပင်ကျေးရွာထိပ် ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်မှာ ကားပိတ်နေချိန် စစ်တပ်က ဒရုန်းနဲ့ဗုံးချလို့ အသက် ၅ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ကန့်ဘလူမြို့နယ်ပကဖထံက သိရပါတယ်။

စက်တင်ဘာ ၂၈ ရက် ဒီနေ့ မနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာ ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်၊ မှန်နီပင်ကျေးရွာထိပ်မှာ ခရီးသွားကားတွေပိတ်နေချိန် စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံး ၃ လုံးချခဲ့ရာ ၁ လုံးက ကားလမ်းဘေးကပ်လျက် စျေးဆိုင်တခုနားကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"ဖြစ်တဲ့နားမှာ တော်လှန်ရေးအဖွဲ့တွေ စစ်ဆေးရေးလုပ်နေတာမရှိဘူး။ အတက်အဆင်းကားတွေကို ပိတ်ထား တာရှိတယ်။ လူစုစုဖြစ်နေတာဆိုတော့ PDF တွေရှိတယ်အထင်နဲ့ ဗုံးချတာဖြစ်မယ်။ သူတို့ကတော့ ပြည်သူရှိတာကို မကြည့်ဘူး။ အပေါ်ကနေ ဒရုန်းနဲ့ဝဲကြည့်ပြီး PDF တွေဆိုချတာ" လို့ ကန့်ဘလူမြို့နယ်ပကဖ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုမှာ တော်လှန်ရေးအဖွဲ့ဝင်တွေ ထိခိုက်တာမရှိဘဲ ပြည်သူတွေပဲ ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒရုန်းဗုံးကျလို့ မှန်နီပင်ရွာခံတွေဖြစ်တဲ့ မအိအိခိုင် ၃၅ နှစ်၊ မအိအိနိုင် ၂၅ နှစ်၊ ဒေါ်လှော် ၅၀ နဲ့ မဖူးဝေ ၅ နှစ်တို့ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အသက် ၂၀ ကနေ ၄၀ကြား အမျိုးသမီး ၃ ဦး လည်း ထိခိုက်ဒဏ်ရာရပြီး နီးစပ်ရာဆေးခန်းမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီ စစ်ကြောင်းက စံပယ်နံသာအနောက်ဘက်ကြောကနေ ၅ မိုင်ခန့်အကွာရှိတဲ့ မှန်နီပင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးချခဲ့တာလို့ ဆိုပါတယ်။

ကျေးရွာတွေကို ဒရုန်းဗုံးချနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၂၆ ရက်ကတည်းက စံပယ်နံသာ ကျေးရွာဘက်ကို ရောက်လာပြီး ကျေးရွာတွေကိုလှည့်ပြီး စစ်ကြောင်းထိုးနေတဲ့ ၆၀၀၆ က စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက စံပယ်နံ့သာကျေးရွာဝန်းကျင်နဲ့ အနီးအနားရွာတွေမှာ လှုပ်ရှားနေလို့ ခရီးသွားကား တွေကို တော်လှန်ရေးအဖွဲ့တွေက ရွှေဘို-မြစ်ကြီးနားလမ်းပေါ်က ရေရှင်ကြီး၊ မှန်နီပင်ကျေးရွာလမ်းပိုင်းတွေမှာ ယာယီရပ်ခိုင်းပြီး အလှည့်ကျကားတွေကို သွားလာခွင့်ပေးနေခဲ့တာလို့ဆိုပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ ရေရှင်ကြီးကျေးရွာထိပ် ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ် စစ်တပ်ကဒရုန်းနဲ့ဗုံးချလို့ ပြည်သူ ၁ ဦးသေပြီး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #မှန်နီပင်ကျေးရွာ #ဒရုန်း #ကလေး #အမျိုးသမီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10