ရွှေဘိုမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်ခတ်ခံရလို့ သေဆုံး

ရွှေဘိုမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်ခတ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၆ ရပ်ကွက်၊ ပန်းတလင်းဘုန်းကြီးကျောင်းအနီး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူမှာ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြတ်မျိုးထွန်း အသက် ၅၀ ဝန်းကျင်ရှိသူဖြစ်ပြီး  ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်မှာ လက်ဖက်ရည်ဆိုင်အတွင်းကို သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

" သေနတ်လာပစ်တာက လေး၊ငါးချက်လောက်ရှိမယ်။ ဆိုင်မှာက နေ့လယ်ဆိုတော့ လူနည်းနည်းရှင်းနေတော့ အခြားသူတွေကိုတော့ မထိသွားဘူး။ အုပ်ကြီးကတော့နေရာမှာပဲ သေသွားတယ်"လို့ ရွှေဘိုမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဦးမြတ်မျိုးထွန်းဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သလို ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီအဖွဲ့တွေနဲ့ ပူးတွဲသွားလာတာ၊ သတင်းပေးတာတွေ လုပ်ဆောင်တယ်လို့လည်း သူက ဆိုပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးမြတ်မျိုးထွန်းဟာ နောက်ကျော၊ ဦးခေါင်းတွေမှာ ကျည်ထိမှန်ဒဏ်ရာတွေရရှိပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ညပိုင်းက သေဆုံးသွားတဲ့ အမှတ် ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နေအိမ်ကို အမည်မသိလူတစုက ဝင်ရောက်စီးနင်းပြီး အုပ်ချုပ်ရေးမှူးကို ရှာဖွေခဲ့ပေမယ့် အုပ်ချုပ်ရေးမှူးက ကြိုတင်ရှောင်တိမ်းနေခဲ့လို့ လွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွှေဘိုမြို့၊ အမှတ် ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းသွားတာနဲ့ ပတ်သက်ပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

နိုဝင်ဘာ ၈ ရက်ကလည်း ရွေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ ရွှေဘိုခရိုင်မီးသတ်ရုံး ဗုံးပစ်ခံရပြီး ဝန်ထမ်း ၂ ဦးဒဏ်ရာရသွားတယ်လို့သိရပါတယ်။

ပုံစာ - ရွှေဘိုမြို့မရဲစခန်း (ပုံဟောင်း)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ရွှေဘို #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #သတင်းပေး #အမှတ်၆ရပ်ကွက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10