ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရလို့  ၂ ဦးသေဆုံး

ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရလို့  ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ ကင်းပုန်းဝပ်တဲ့ စစ်ကောင်စီတပ်သားတွေကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းဆီက သိရပါတယ်။ 

နိုဝင်ဘာ ၁ ရက်ည ၁၁ နာရီကျော်မှာ ရွှေဘိုမြို့ ကားကြီးကွင်းမှာ ကင်းပုန်းဝပ်နေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ပေ ၂၀ အကွာကနေ လက်ပစ်ဗုံး ၂ လုံးပစ်သွင်းပြီးနောက် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ သတင်းရတာက စကစ ၇ ကောင်ပဲ ကင်းဝပ်နေတယ်ပေါ့။ အဲ့ဒါကို အနီးကပ် ဗုံး ၂ လုံးပစ်တာ။ ၄ ကောင်ဝပ်တဲ့နေရာကို ကျသွားတာ။ အဲ့ဒီထဲက ၂ ကောင်ပွဲချင်းပြီးတယ်။ ၂ ကောင် ဒဏ်ရာရတယ်။ အနီးကပ်တိုက်တာဆိုတော့ ကျနော်တို့မျက်မြင်ပဲ"လို့ ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ရန်ကြီး က ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂ ရက်မနက် ၁၁ နာရီလောက်မှာလည်း ရွှေဘိုမြို့၊ အမှတ် ၇ ရက်ကွက်ရှိ စိုက်ပျိုးရေးရုံးကို အိမ်စီးကား ၂ စီး၊ ဆိုင်ကယ် ၃ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေက ရုံးဘေး ပတ်လည်မှာ ကင်းပုန်းဝပ်နေကြချိန် လက်ပစ်မိုင်း ၃ လုံးပစ်သွင်းလိုက်ရာ ရုံးအနောက်ဘက်ရှိ ကင်းပုန်းဝပ် စစ်သားတွေရဲ့ နေရာကိုကျရောက်ခဲ့တာကြောင့် ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်ရန်ကြီးက ဆက်ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ အမှတ် ၇ ရပ်ကွက်က လူနေအိမ်အချို့ကို ကျည်ထိမှန်ခဲ့ပေမယ့် လူတွေအထိအခိုက်တော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း၊ တပ်ခွဲ ၁ NaungYoe Army၊ ရွှေဘိုကျားကြီး ပြောက်ကျားတပ်ဖွဲ့၊ Revulotion Soldier၊ ရှိမ်းမကားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၄ ရွေ့လျားမိုင်းတပ်ဖွဲ့၊ တာနောယက္ခပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက်ည ၇ နာရီကျော်မှာလည်း ရွှေဘိုမြို့၊ ကားကြီးကွင်းကနေ မြို့မုခ်ပေါက်ကို ကင်းပတ်ထွက်တဲ့ စစ်ကား ၃ စီးကို လက်ပစ်ဗုံး ၂ လုံးပစ်သွင်းခဲ့ရာ ၁ လုံးမှာ ရှေ့ဆုံးကားထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး #ကာကွယ်ရေးတပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10