ရွှေဘိုမြို့ပေါ်မှာ ရဲတပ်သား ၁ ဦးကို PDF က ပစ်ခတ်ရှင်းလင်း

ရွှေဘိုမြို့ပေါ်မှာ ရဲတပ်သား ၁ ဦးကို PDF က ပစ်ခတ်ရှင်းလင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ် ကားလမ်းမမှာ ရဲတပ်သား ၁ ဦးကို အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီဝန်းကျင်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းက ပြောပါတယ်။

အသတ်ခံရတဲ့ ရဲတပ်သားဟာ အမှတ် ၁၀ ထူထောင်ရေးရပ်ကွက်၊ အထက ၂ ကျောင်းဝန်းအတွင်း   တပ်စွဲနေသူဖြစ်ပြီး အဆိုပါရပ်ကွက် ကားလမ်းမပေါ်မှာ ယူနီဖောင်းဝတ်နဲ့ ဆိုင်ကယ်မောင်းနှင်နေချိန် အနီးကပ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

" သုံးဘီးဆိုင်ကယ်ကို ပိုက်ဆံတောင်းဖို့ နောက်ကလိုက်တဲ့အချိန် အနီးကပ် ဦးခေါင်းကို လျှပ်တပြက်ပစ်ခတ်လိုက်တာ ပွဲချင်းပြီးသေတယ်။ သေနတ်တော့မပါဘူး ယူနီဖောင်းဝတ်နဲ့"လို့ ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းအနေနဲ့ ရွှေဘိုမြို့ပေါ်ကို တခြားမစ်ရှင်တခုအတွက် သွားရောက်တာဖြစ်ပြီး အဲ့ဒီမစ်ရှင်လုပ်ဆောင်ဖို့အဆင်မပြေလို့ ပြန်လာချိန် အဲ့ဒီ ရဲတပ်သားကိုတွေ့ရှိပြီး ပစ်ခတ်မှုလုပ်ဆောင်ရတာကြောင့် သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို မသိရှိခဲ့ရဘူးလို့ သူကဆက်ပြောပါတယ်။

ရဲတပ်သားပစ်ခတ်ခံရပြီးတဲ့နောက် စာသင်ကျောင်းအတွင်းမှ နောက်ထပ် ရဲတပ်သား ၂ ဦး ဆိုင်ကယ်နဲ့ထွက်ခွာလာပြီး သေဆုံးသူရဲ့အလောင်းကိုသယ်ယူသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ရဲတပ်သားပစ်ခတ်ခံရပြီးနောက်မှာတော့ အမှတ် ၁၀ ထူထောင်ရေးရပ်ကွက် ကားလမ်းမကို စစ်ကောင်စီတပ်သားတွေ စစ်ကား ၂ စီးနဲ့ရောက်ရှိလာပြီး ည ၁၀ နာရီကျော်အထိ စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ရွှေဘို #ရဲတပ်သား #ပစ်ခတ်ခံရ #သေဆုံးမှု #ရွှေဘိုခရိုင် #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10