ရွှေဘိုမြို့မစျေးမှာ မိုင်း ၂ လုံးပေါက်၊ ပြည်သူ ၁၀ ဦးခန့်ဒဏ်ရာရ

ရွှေဘိုမြို့မစျေးမှာ မိုင်း ၂ လုံးပေါက်၊ ပြည်သူ ၁၀ ဦးခန့်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ မြို့မစျေးအတွင်း ဈေးအိမ်သာအနီး ငါးတန်းနေရာနားမှာ မိုင်း ၂ လုံးပေါက်လို့ ပြည်သူ ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင်လ ၁၆ ရက် ဒီကနေ့မနက် ၇ နာရီကျော်အချိန်မှာ ငါးစျေးတန်းနေရာကနေ မိနစ်ပိုင်းသာခြားပြီး မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

"မိုင်းပေါက်တဲ့အချိန်က စျေးမှာလူစည်ကားချိန်ဖြစ်နေတော့ ထိခိုက်သူတွေများသွားတဲ့သဘောရှိမယ်။ စျေးမဖွင့်ခင်ကတည်းက ထောင်ထားတာလား။ စျေးဖွင့်ပြီးမှ လာချသွားတာလားတော့ မသိရဘူး" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းပေါက်တာကြောင့် စျေးအတွင်းရှိနေတဲ့ ကိုရင် ၁ ပါး၊ ကလေးငယ် ၁ ဦး၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၇ ဦးခန့် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကတော့ ၎င်းတို့အစီအစဥ်နဲ့ ရွှေဘိုဆေးရုံကို ရောက်လာသူတွေရှိသလို လူမှုကူညီရေးအသင်းတွေက ပို့ဆောင်ပေးခဲ့ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။

မိုင်းပေါက်ပြီးချိန်မှာ စစ်ကောင်စီအဖွဲ့တွေ ရွှေဘိုစျေးထဲကိုရောက်လာပြီး မိုင်းရှာစက်တွေနဲ့ စစ်ဆေးတာ၊ စျေးအတွင်းရှိနေသူတွေကို မေးမြန်းစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

မတ်လ ၂၈ ရက်မနက် ၁၀ နာရီခန့်ကလည်း ရွှေဘိုမြို့၊ ကားကြီးကွင်းတံတားပေါ်မှာ ပထမအကြိမ်မိုင်းကွဲပြီးနောက် ၁၀ မိနစ်ခန့်ခြားပြီး ကားကြီးကွင်းမြောက်ဘက်ခြမ်းလမ်းပေါ်မှာ ဒုတိယအကြိမ်မိုင်းကွဲခဲ့လို့  ပြည်သူ ၁ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #မြို့မဈေး #ဗုံးပေါက်ကွဲ #အရပ်သား #ဒဏ်ရာရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10