ရွှေဘိုမြို့မရဲစခန်းနဲ့ တရားရုံး ဗုံးကြဲခံရပြီး ဗိုလ် ၁ ဦး ရဲ ၇ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့ မြို့မရဲစခန်းနဲ့ မြို့နယ်တရားရုံးကို မေ ၁၆ ရက် ညနေ ၃ နာရီခွဲခန့်က Multirotor Drone ၂ စီး၊ Fixed Wings Drone ၃ စီးနဲ့ ဗုံး ၅ လုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။ 

မြို့မရဲစခန်းကို ၈၁ မမ ဗုံးသီး ၂ လုံးကြဲချပြီး မြို့နယ်တရားရုံးကိုတော့ ၆၀ မမ ဗုံးသီး ၃ လုံး ကြဲချနိုင်ခဲ့တာမှာ မြို့မရဲစခန်းထဲက ဗိုလ် ၁ ဦးနဲ့ ရဲ ၇ ဦးသေဆုံးခဲ့တာလို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးနဲ့ဘဏ္ဍာရေး တာဝန်ခံက ပြောပါတယ်။

ဗိုလ်အပါအဝင် ဒုရဲအုပ်နဲ့ရဲ စုစုပေါင်း ၈ သေဆုံးကာ အပြင်းအထန်ဒဏ်ရာရသူ ၈ ဦးရှိတယ်လို့ သူကဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ဒုရဲအုပ် တင်ထွန်းလင်းအောင်၊ ရဲတပ်သား ချမ်းဝင်း ၊ ရဲတပ်သား ဇော်ထိုက်(ခ)ဂျက်ကော့ တို့ပါဝင်တယ်လို့ သိရပြီး ကျန်သူတွေရဲ့ အမည်တွေကိုတော့ စုံစမ်းဆဲဖြစ်ကာ သေဆုံးဒဏ်ရာရသူတွေကို ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Project Flight ( Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊‌ BGS & Rocket Ayadaw Drone Force ၊ Drop For Justice - DFJ ၊ Flying Dragon Force ၊ တာနောယက္ခ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ FFF.NK Drone ၊ ရွှေဘိုအားမာန် မြို့ပြပြောက်ကျား ၊ သိင်္ခအားမာန် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #မြို့မရဲစခန်း #ဒရုန်း #ဗုံးကြဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10