ရွှေဘိုမြို့မရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ပကဖတွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ

ရွှေဘိုမြို့မရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ပကဖတွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ အင်အား ၂၀ ရှိတဲ့ အမှတ် ၁ မြို့မရဲစခန်းနဲ့ ရွှေဘိုမြို့‌တောင်ဘက်အထွက်မုခ်ဝ စစ်ဆေးရေးဂိတ်က စစ်သားတွေကို ဒေသကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ မနက်ပိုင်း ၇ နာရီခွဲမှာ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ ရွှေဘိုမြို့ အမှတ် ၁ မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဂျက်ဖိုက်တာလေယာဉ်ငယ် ၂ စီးနဲ့ ဗုံးသီး ၂ လုံးချခဲ့ပြီး ညပိုင်း ၈ နာရီခွဲမှာ ရွှေဘိုမြို့‌ တောင်ဘက်အထွက်မုခ်ဝက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကိုလည်း ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ‌

“ရွှေဘိုမြို့‌တောင်ဘက်အထွက်မုခ်မှာ တိုက်ခိုက်ခဲ့တာက သတင်းမရသေးဘူး။ မြို့မရဲစခန်းထဲမှာတော့ ရဲ** ၁ ကောင်သေတယ်။ ၅ ကောင်ဒဏ်ရာရတယ်” လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မိကျောင်းက ပြောပါတယ်။ 

ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သားတွေကို နာရေးကား ၂ စီးနဲ့ ရွှေဘိုပြည်သူ့ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သူက ဆိုပါတယ်။ 

အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ မြို့မရဲစခန်းကတော့ မြို့အတွင်းမှာရှိနေတာကြောင့် ပြန်လည်ပစ်ခတ်တာမျိုး မလုပ်ပေမယ့် ရွှေဘိုမြို့တောင်ဘက်မုခ်ဝက စစ်သားတွေကတော့ လက်နက်ငယ်နဲ့ပြန်ပစ်တာတွေရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ရွှေဘိုမြို့မရဲစခန်းမြောက်ဘက်ဂိတ်နဲ့ နိဗ္ဗာန်ဆိပ်ဦး ရွှေဘိုအနောက်ပေါက် တောင်ဘက်မုခ်တို့မှာ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ သိရပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ ၊ မဟာမိတ် ဖြစ်သော နယ်စည်းမခြား ဗိုလ်ပျံလွှား (ဝလ) ကျားညီနောင်အဖွဲ့ ၊ Black Silencer Defence Force ၊ BFDF ၊ War Lord Defence Force ၊ တန၊ ၅ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်း ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာ အနောက်တောင်ဘက်မှာ ပြည်သူ့စစ်နဲ့ စစ်သားတွေကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #မြို့မရဲစခန်း #စစ်ဆေးရေးဂိတ် #စစ်သား #ဒရုန်း #ဗုံးကြဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10