ရွှေဘိုမြို့မှာ ရဲ ၂ ဦးနဲ့ သတင်းပေး ၁ ဦးကို PDF က ရှင်းလင်း

ရွှေဘိုမြို့မှာ ရဲ ၂ ဦးနဲ့ သတင်းပေး ၁ ဦးကို PDF က ရှင်းလင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ စစ်ကောင်စီသတင်းပေး ၁ ဦးကို ဧပြီ ၁ ရက် မနက် ၆ နာရီကျော်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ဆီက သိရပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ သတင်းပေး ၁ ဦးတို့ ဖောင်ကြီးချုပ်အနားက လက်ဘက်ရည်ဆိုင်မှာ စု‌ဝေးနေချိန် ဆိုင်တွင်းအထိဝင်ရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ စစ်ကောင်စီသတင်းပေးဖြစ်သူ သန့်ဇင်ဦး(ခ)ငသန့်၊ ရဲတပ်ကြပ် အောင်ဖြိုးမင်းနဲ့ ရဲတပ်သား စန်းနိုင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

“သူတို့ဘက်ပစ်ခတ်ချိန်မရဘူး ကျနော်တို့က လက်ဦးမှုရယူပြီးတော့ ပစ်ခတ်ခဲ့တာ။ မြောင်းကြီးဂိတ်ကိုသွားပြီး ပိုက်ဆံကောက်ဖို့ လက်ဘက်ရည်ဆိုင်မှာ စုဝေးနေတာမှာ အသင့်စောင့်ကြိုပြီးပစ်ခတ်ခဲ့တာဖြစ်တာ” လို့ Shwebo Crocodile ခေါင်းဆောင် ဗိုလ်မိကျောင်းက ပြောပါတယ်။

ပစ်သတ်ခံရသူ သန့်ဇင်ဦးဟာ ရွှေဘိုမြို့နယ်၊ အနောက်ခြမ်း ဇီးဖြူကုန်းရွာဇာတိဖြစ်ပြီး နယ်မြေသတင်းအချက်အလက်တွေကို စုဆောင်းပြီး စစ်ကောင်စီထံ သတင်းပေးတာ၊ စစ်မှုထမ်းရန် လူငယ်တွေကို ဖိအားပေးတာ စတဲ့ လုပ်ရပ်တွေကို လုပ်ပြီး ၂၀၂၁ ကတည်းက ပြည်သူကိုဒုက္ခပေးနေတာလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံက SIG 9 မမ ၁ လက် ၊ မှတ်ပုံတင်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

သူတို့ကို ရှင်းလင်းပြီးတဲ့နောက်မှာ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့ရောက်လာပြီး အလောင်းတွေကောက်ကာ ပြန်သွားကြတယ်လို့ သိရပါတယ်။ 

အထက်ပါ ပစ်ခတ်မှုကို ရွှေဘိုမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Shwebo Crocodile တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ တာလို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #စစ်ကောင်စီ #သတင်းပေး #ShweboCrocodile #ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10