ရွှေဘိုမြို့အဝင်မှာ သေနတ်ဖောက်ပြီး PDF စိန်ခေါ်၊ လာစစ်တဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦးသေ ၁ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တောင်ဘက်အထွက် ရွှေဘို-မန္တလေးလမ်းပိုင်း မုဒ်ဦးနားမှာ သေနတ်ပစ်ဖောက်ပြီး စစ်ကောင်စီကိုစိန်ခေါ် သည့် PDF တွေဆီ လာစစ်တဲ့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၃ ဦးသေ၊ ရဲအုပ် ၁ ဦးဒဏ်ရာရတယ်လို့ Buffalo Soldiers Freedom Forceအဖွဲ့ထံက သိရပါတယ်။

ဩဂုတ်လ ၁၁ ရက် မနက် ၁၁ နာရီခန့်မှာ ရွှေဘိုမြို့အဝင်မုဒ်ဦးအနီးဝန်းကျင် စစ်ကောင်စီအဖွဲ့တွေ ကင်းပုန်းဝပ်တတ်တဲ့ နားမှာ မိုင်းဆင်ပြီး မုဒ်ဦးနားထိသွားရောက်ကာ သေနတ်ပစ်ဖောက်ပြီး စစ်ကောင်အဖွဲ့ကို ထွက်လာအောင် စိန်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်ပစ်ဖော​က်မှုအပြီး ညနေ ၄ နာရီခန့်မှာ ရွှေဘိုမြို့လေ့ကျင့်ရေး ၈ က စစ်ကောင်စီအဖွဲ့၊ ရွှေဘိုမြို့မရဲစခန်းက ရဲတွေအပါအဝင် ကညနရုံး အစောင့်ကျ စစ်ကောင်စီအဖွဲ့ အင်အား ၃၅ ဦးခန့်က ကား ၄ စီးနဲ့ စစ်ဆေးဖို့လာချိန် BOC ဓာတ်ဆီဆိုင်အနီးအရောက်မှာ မိုင်း ၃ လုံးဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ရဲအုပ် ၁ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုကိခံရပြီးနောက် စစ်ကောင်စီအဖွဲ့ဟာ သေနတ်ပစ်ဖောက်တာတွေပြုလုပ်ပြီး လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို Buffalo Soldiers Freedom Force အဖွဲ့၊ War Lord Defence Force (B-4 C-2 Shwebo)၊တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ဒေါင်းမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ SBDFစခန်း-1 တပ်ခွဲ 11 တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဩဂုတ်လ ၁ ရက် ဝါဆိုလပြည့်နေ့ မနက်ပိုင်း ရွှေဘိုမြို့ကနေ ဝက်လက်မြို့ဘက်အထွက် ရွှေဘိုမြို့မုဒ်ဦးနေရာအနီးမှာ "မ** မင်းအောင်လှိုင်မလာရဲတဲ့ မြို့မှ ကြိုဆိုပါ၏" စာတန်း လာဖြုတ်တဲ့ စစ်ကောင်စီအဖွဲ့ မိုင်းထိလို့ ၅ ဦးသေဆုံးတယ်လို့ သိရပါတယ်။

စာတည်း - ဇို 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #စိန်ခေါ် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10