ရွှေဘိုမှာ ခန္ခာကိုယ်ဖြတ်တောက် အသတ်ခံထားရတဲ့ အမျိုးသမီးအလောင်းတွေ့ပြီး ပိုင်ရှင်မပေါ်သေး

ရွှေဘိုမှာ ခန္ခာကိုယ်ဖြတ်တောက် အသတ်ခံထားရတဲ့ အမျိုးသမီးအလောင်းတွေ့ပြီး ပိုင်ရှင်မပေါ်သေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် တဂဏာန်းကျေးရွာ၊ မူးလက်တက်ရေမြောင်းထဲမှာ ဦးခေါင်းနဲ့ ခြေလက်ဖြတ်ပြီး အသတ်ခံထားရတဲ့ အမျိုးသမီးအလောင်း ၁ လောင်းကို ဧပြီလ ၂ ရက် ညနေပိုင်းကတွေ့ ရှိခဲ့ပြီး ဒီကနေ့အထိ ပိုင်ရှင်မပေါ်သေးဘူးလို့ သိရပါတယ်။

တဂဏန်းရွာအရှေ့ဘက်၊ မူးမြစ်လက်တံကွဲ ရေမြောင်းအတွင်းမှာ သေဆုံးနေတဲ့ အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းတွေကဆယ်ယူထားပေမယ့် ဦးခေါင်းမပါရှိတဲ့အတွက် သေဆုံးတဲ့အမျိုးသမီးဟာ ဘယ်သူမှန်းမသိရသေးဘူးလို့ ဒေသခံတဦးကပြောပါတယ်။


"ဒီဘက်ခြမ်းက ဒေသခံ ဟုတ်၊ မဟုတ်ဆိုတာတော့ ခေါင်းလည်းမပါတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး။ ကိုယ်လုံးတခုဘဲ တွေ့ရတာဆိုတော့ ပြောရခက်တယ်။ ဒီဘက်ခြမ်းရွာက လူပျောက်တယ်လို့လဲ မကြားမိဘူး။ ကျနော်မသိတာလဲ ဖြစ်မှာပါ။ အသက်ကိုခန့်မှန်းတာတော့ ၂၅ နဲ့ ၃၀ ကြားလောက်ဘဲရှိဦးမယ်” လို့ ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ မူးမြစ်အထက်ဘက်ခြမ်းဒေသကဖြစ်နိုင်ပြီး သတ်ဖြတ်သူတွေက လူကိုသတ်ပြီး ရေထဲမျှောလိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုပါတယ်။

သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်းကို ဒေသလူမှုကူညီအသင်းတွေက ကောက်ယူပြီး ရွှေဘို ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ဧပြီလ ၄ ရက် ဒီကနေ့အထိ အမျိုးသမီးအလောင်းနဲ့ပတ်သက်ပြီး ပိုင်ရှင်မပေါ်သေးလို့ ရင်ခွဲရုံမှာဘဲထားရှိထားရတယ်လို့ သိရပါတယ်။

စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10