ရွှေဘိုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေနတ် ၃ ချက်ပစ်ခံရပြီး သေဆုံး

ရွှေဘိုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေနတ် ၃ ချက်ပစ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၇ ရပ်ကွက်၊ ချီပါစုရပ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဧပြီလ ၁၃ ရက်နေ့မနက် ၉ နာရီခန့်မှာ ချီပါစုရပ်၊ နေရဗ္ဗန် ဘုရားဝင်းအတွင်းမှာ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဇော် (ခ) ဦးဆွေ ၆၃ နှစ် ရှိနေချိန်မှာ သေနတ်သမားတွေက ဝင်ပစ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

"သိရသလောက်က သူက ဘုရားဝင်းအတွင်း ဇောင်းတန်းမှာထိုင်ပြီး အခြားသူတွေနဲ့စကားပြောနေချိန် လာဝင်ပစ်သွားတယ်လောက်ပဲ သိရတယ်။ ကျည်ထိတာတော့ ၃ ချက်။ နေရာမှာပဲ သေသွားတယ်" လို့ ပြောပါတယ်



ပစ်ခတ်ခံရလို့ ဦးသန်းဇော် (ခ) ဦးဆွေမှာ နားထင်၊ ပုခုံးနဲ့ဝမ်းဗိုက်တွေမှာ ဒဏ်ရာတွေရရှိပြီးနေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာကာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး ရွှေဘိုဆေးရုံကို ပို့ပေးလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကို Buffalo soldiers Freedom force (SBDF2) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေကို စိန်ခေါ်သလို စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတာကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပြီး ပစ်ခတ်ရှင်းလင်းခဲ့ချိန်မှာအုပ်ချုပ်ရေးမှူးဆီကနေ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ ၂ ရက်နေ့က ရွှေဘိုတက္ကသိုလ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ချိန် နှစ်ဖက်သေဆုံးမှုတွေ ရှိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10