ရွှေဘိုမှာ စစ်ကောင်စီတပ်က ဒရုန်းဗုံးချလို့ ပြည်သူ ၇ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာ၊  ရွှေဘို-ဆိပ်ခွန်သွားကားလမ်း၊ ချီပါတံတားကြီးအနီးမှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲလို့ ပြည်သူ ၇ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

မတ် ၁၁ရက် ဒီကနေ့မနက် ၁၁နာရီဝန်းကျင်က ရွှေဘိုအခြေစိုက် အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၈)ဘက်ကနေ ချီပါတံတားကြီးဘက်ကို ဒရုန်းဗုံး ၃ လုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကတော့ မတ် ၉ ရက် မနေ့ညနေပိုင်းက ရွှေဘိုမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ရွှေဓားဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေ ရေချိုးဆင်းချိန် မိုင်းနဲ့တိုက်ခိုက်ခံထားရတာကို မကျေနပ်လို့ ယခုလိုဒရုန်းဗုံးနဲ့တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတံတားမှာ PDF တွေရှိနေတယ်ဆိုပြီး သတင်းရလို့ ဒရုန်းဗုံးလာချသွားတာဖြစ်နိုင်သလို ထိသွားတာက လမ်းသွားလမ်းလာဒေသခံတွေထိသွားတာလို့ ချီပါဒေသခံက ဆိုပါတယ်။

စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံးချလို့ ချီပါမြောက်ရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ မဲတောကျေးရွာမှ အမျိုးသမီး ၃ ဦး၊ ထိုးကြီးကျေးရွာက အမျိုးသား ၁ ဦးနဲ့ဆိပ်ခွန်ရွာက အမျိုးသား ၁ ဦးတို့  ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုပကဖ တာဝန်ရှိသူဆီက သိရပါတယ်။

ဒဏ်ရာရသူတွေအနက် အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၁ ဦးစိုးရိမ်ဒဏ်ရာရလို့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွေကို ပို့ထားရပြီး ဒရုန်းဗုံးထိလို့ ဆိုင်ကယ် ၁ စီး မီးလောင်ပျက်စီးသလို ကား ၁ စီးလည်း ထိခိုက်ပျက် စီးမှုရှိခဲ့ပါတယ်။

စာတည်း - ရင်ငြိမ်း၊ တည််းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီတပ် #ဒရုန်းဗုံးကျဲ #ဒေသခံထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10