ရွှေဘိုမှာ စစ်တပ်က စာသင်ကျောင်းကို မီးရှို့ပြီး PDF အယောင်ဆောင်ကာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေ

ရွှေဘိုမှာ စစ်တပ်က စာသင်ကျောင်းကို မီးရှို့ပြီး PDF အယောင်ဆောင်ကာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါမြောက်ရွာအနီးမှာ စစ်ကောင်စီတပ်သားတွေက သူတို့ သိမ်းဆည်းထားတဲ့ PDF ဝတ်စုံတွေကိုဝတ်ပြီး သြဂုတ် ၂၁ ရက် ဒီမနက်ပိုင်းမှာ PDF အယောင်ဆောင်ကာ ဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သြဂုတ် ၂၀ ရက်မနေ့က မနက်အစောပိုင်းမှာ ချီပါမြောက်ရွာကနေ ချီပါတောင်ရွာထဲကို တပ်ဖြန့်လာတဲ့ စစ်ကောင်စီတပ်တွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နေထိုင်ခဲ့တဲ့ ချီပါတောင်ရွာ စာသင်ကျောင်းထဲကို ဝင်ရောက်ရှာဖွေရာမှာ ဝက်လက် တပ်ရင်း ၂ ဝတ်စုံတွေနဲ့ လက်လုပ်သေနတ်အချို့ကို သိမ်းယူခဲ့ပြီးနောက် ခုလို စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတာလို့ ဆိုပါတယ်။ 

"မနေ့က ဖမ်းမိတဲ့အဝတ်တွေဝတ်ပြီး ရွှေဘိုအထွက်ကတံတားမှာ ဒေသခံတွေကို စစ်ဆေးနေတာလို့ သိရတယ်။ ရွာထဲက ဒေသခံတွေလည်း ထွက်ပြေးရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားလို့ ဒေသခံတွေရွာထဲမှာ ရှိနေတယ်"လို့ ဒေသခံကျေးရွာပကဖတဦးက ပြောပါတယ်။

ရွှေဘိုမြို့နဲ့ တမိုင်အကွာရှိ ချီပါမြောက်ရွာနဲ့ တောင်ရွာဟာ ရွာချင်းကပ်လျှက်တည်ရှိနေတာဖြစ်ပြီး မြောက်ရွာကို စစ်ကြောင်းဝင်ချိန်မှာလည်း ပစ်ခတ်တာတွေ ရှိတာကြောင့် အမျိုးသားတဦးရဲ့ ခြေထောက်ကို ကျည်ထိမှန်ခဲ့ပြီး ဒေသခံတွေလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က ဒီမနက်ပိုင်းမှာ ရွှေဘိုကနေ ၁၂ ဘီးကား တစီးနဲ့ အင်အားဖြည့်တင်းလာတာလည်းရှိသလို ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုအနည်းငယ် ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ချီပါတောင်ရွာက စာသင်ကျောင်းကိုလည်း မနေ့က မီးရှို့ခဲ့ပြီး လက်ရှိအချိန်ထိ အထက်ပါ ၂ ရွာလုံးမှာ စစ်တပ်က တပ်ဖြန့်ထားတဲ့အတွက် ဒေသခံတွေလည်း ပိတ်မိနေကာ အသေးစိတ် အခြေအနေတွေကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံ ပကဖတဦးက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ရွှေဘို #ချီပါကျေးရွာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #မီးရှီု့ #အယောင်ဆောင် #ဖမ်းဆီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10