ရွှေဘိုမှာ စစ်သင်တန်းပြီးကာစတပ်သားတွေကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး အင်အားဖြည့်နေ

ရွှေဘိုမှာ စစ်သင်တန်းပြီးကာစတပ်သားတွေကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး အင်အားဖြည့်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီက စစ်သင်တန်းပြီးကာစ တပ်သားတွေကို လက်နက်တပ်ဆင်ပေးပြီး မြို့တွင်းနဲ့ ပျူစောထီးအားကောင်းတဲ့ကျေးရွာဆီ အင်အားဖြည့်တာ၊ စစ်ကူပို့တာတွေ လုပ်နေတယ်လို့ ရွှေဘိုအခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ရင်းတခုမှာ စစ်သင်တန်းတက်ရောက်ထားတဲ့တပ်သားတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလပိုင်းမှာ ရွှေဘိုအခြေစိုက် အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၈) ကို ထပ်မံပြောင်းရွှေ့ စစ်သင်တန်းပေးကာ ဇူလိုင် ၂၂ ရက်မှာ သင်တန်းဆင်းပေးပြီးနောက် ခုလို ပို့ဆောင်တာတွေ လုပ်နေတာလို့ ဆိုပါတယ်။ 

သင်တန်းဆင်းတပ်သား ၄၀၀ ဦးထဲက ၁၀၀ ဦးကို ရွှေဘိုမြို့နယ်ရှိ ပျူစောထီးအားကောင်းတဲ့ ပန်းရံရွာကို ထပ်တိုးဖြည့်ထားပြီး နောက်ထပ် ၁၀၀ ဦးကိုတော့ ရွှေဘိုမြို့ထဲက စစ်ကောင်စီ တပ်စခန်းတွေနဲ့ ပျူစောထီးရွာတွေကို အင်အားဖြန့်ချထားတယ်လို့ ဆိုပါတယ်။ 

“ကားတွေနဲ့ (ရွှေဘိုမြို့)တောင်ဘက်မုခ်ပေါက်က ထွက်တယ်။ အနောက်ခြမ်း မင်းကုန်း(ရွာ) ဘက်ထွက်တယ်။ ရေဦးလမ်းကနေ ကျွန်းတော(ရွာ)ဘက် ထွက်တယ်။ ကားတွေနဲ့ ထွက်လာပြီး အင်အားပြတာပေါ့။ ပြီးရင် နေရာတွေကို ကင်းချတယ်။ စဉ့်ကူးကိုပါသွားတော့ ကြောက်နေတာ။”လို့ ရွှေဘိုအခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ရွှေဘိုမြို့ဟာ မြို့ပေါ်မှာ ခလရ ၄၂၊ ခမရ ၁၁၊ အမှတ် ၄ စစ်သားစုစောင်းရေးတပ်နဲ့ ရွှေဘို မြို့မရဲစခန်းတို့ရှိကာ မြို့မြောက်ဘက်မှာ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်၊ ထောက်ပို့တပ် တထပ ၂၊ အရှေ့ဘက်က မြို့နယ်ခွဲအဆင့်ရှိ ကျောက်မြောင်းမြို့မှာလည်း ခမရ ၁၂ တပ်ရင်းတို့ ကာရံထားတဲ့မြို့ဖြစ်ကာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေသိမ်းယူထားတဲ့ စဉ့်ကူးမြိုနဲ့လည်း ၆ မိုင်ကျော်သာ ကွာဝေးပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့အရှေ့ခြမ်းမှာ ကော့ရွာ၊ ဟင်္သာကြီး၊ မခေါက်ရွာ၊ အနောက်ခြမ်းမှာ မင်းကုန်း၊ မင်္ဂလာ၊ ပန်းရံ၊ လိပ်ချင်း၊ မြင်းစီး၊ ဇီးကုန်း၊ မြင်းချင်း၊ သီးလုံး၊ ဇီးဖြူကုန်း၊ တည်သီးတော၊ ညောင်ကိုင်း၊ ညောင်ပင်လှ၊ ကူတိုးဆိပ်၊ ဆင်အင်း၊ သောင်းထွဋ်ကိုင်း၊ ညောင်ပင်သာ၊ ပလိုင်း၊ ဆိပ်ခွန်ရွာ၊ မြောက်ခြမ်းမှာ ဘုတ်ကုန်း၊ ရွာမိဿာ စတဲ့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေတည်ရှိပါတယ်။ 

အဲ့ဒီထဲက ကူးတို့ဆိပ်ရွာ ပျူစောထီးစခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဇူလိုင် ၁၄ ရက်မှာတော့ ကူးတို့ဆိပ်အပါအဝင် မြင်းစီးနဲ့ ဆင်အင်းက ပျူစောထီးနဲ့စစ်ကောင်စီတပ်သားတွေက ဇီးဖြူကုန်းပျူရွာကို ပြန်ဆုတ်ခဲ့တဲ့အတွက် လက်ရှိမှာ အဲ့ဒီရွာတွေတဝိုက်ကို ကာကွယ်ရေးတပ်တွေဘက်က နယ်မြေစိုးမိုးထာတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီ၏ တပ်သားသစ်သင်တန်းဆင်းပွဲ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်သင်တန်းဆင်း #အင်အားဖြည့် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10