ရွှေဘိုမှာ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၃ ဦးသေ ၇ ဦးထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှောင်လမ်း ထန်းတောဘက်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး ထိခိုက်သူတွေများတယ်လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ထံက သိရပါတယ်။

ဩဂုတ် ၂၆ ရက် ည၉ နာရီခန့်မှာ ရွှေဘိုမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီအင်အား ၈၀ ခန့်ပါတဲ့ အဖွဲ့ဟာ မြို့ရှောင်လမ်းဘက်ကို ကင်ပုန်းချဖို့ထွက်လာချိန်မှာ ပဒေသာမိုင်း ၅ လုံး ၃ ပွိုင့်ဆွဲပြီး တိုက်ခိုက်ခဲ့သလို ၆၀ မမ လက်လုပ် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မမျှတာကြောင့် ကာကွယ်ရေးအဖွဲ့တွေ ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၇ ဦးခန့်ဒဏ်ရာရခဲ့တာကို မြေပြင်သတင်းပေးတွေဆီက သိရတယ်လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီအဖွဲ့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိပေမယ့် ဒေသခံပြည်သူတွေနဲ့ကာကွယ်ရေးအဖွဲ့တွေ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

နယ်စည်းမခြားရွေဘိုသားအဖွဲ့ဟာ စစ်ကောင်စီကို တိုက်ပွဲတွေ ဆက်တိုက်ဖော်ဆောင်နေပေမယ့် လက်လုပ်တွေနဲ့သာ တိုက်ခိုက်နေရပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ အားနည်းတာကြောင့်  လက်နက်လိုအပ်ချက်ရှိတဲ့အပေါ်ပြည်သူ​တွေရဲ့ အကူညီပေးမှု လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ နယ်စည်းမခြားရွေဘိုသားအဖွဲ့၊ ဘီးလူးညီနောင်မြို့ပြစစ်ဆင်ရေး၊ ရွှေဘိုသခင်ကြီးအဖွဲ့၊ တာနောယက္ခအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဩဂုတ် ၁၄ ရက်ညကလည်း ရွှေဘိုမြို့တောင်ဘက်အထွက် ရွှေဘို-မန္တလေးလမ်းပိုင်း မုဒ်ဦးအနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရသလို မိုင်းဆွဲခံရလို့ ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#​မြေလတ်အသံ

#ရွှေဘို  #စစ်ကောင်စီကင်းပုန်း #တိုက်ခိုက်ခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10