ရွှေဘိုမှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၆ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တောင်ဘက်အထွက် ရွှေဘို-မန္တလေးလမ်းပိုင်း မုခ်ဦးအနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရလို့ ၆ ဦးသေဆုံးတယ်လို့ Buffalo Soldiers Freedom Force အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၁၄ ရက် ညနေ ၆ နာရီခန့်မှာ စစ်ကောင်စီအင်အား ၇၀ လောက်နဲ့တပ်စွဲထားတဲ့ နေရာကို လက်နက်ကြီးအလုံး ၅၀ လောက် သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုတွေလုပ်နေချိန်  စစ်ကောင်စီအင်အား ၁၅ ဦးခန့်ဟာ တဂဏန်းကျေးရွာဘက်ကို ရှေ့ပွိုင့်ထွက်လာရာ မိုင်းကွင်းထဲရောက်လာလို့ မိုင်း ၅ လုံးဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

"ရော့ကတ်နဲ့ ၆၀ မမ စုစု​ပေါင်း အလုံး ၅၀ လောက်ပစ်တာ။ ပစ်ခတ်မှုက ၁ နာရီခွဲလောက်ကြာတယ်။ ပစ်နေတဲ့ အချိန်မှာပဲ စကစအင်အား ၁၅ ဦးလောက်က ကျနော်တို့ရှိနိုင်တယ်လို့ ယူဆတဲ့ တဂဏန်းဘက်ကို ထွက်လာရာမှာ မိုင်းဆွဲခဲ့တာ။"လို့ Buffalo Soldiers Freedom Force တာဝန်ခံ ဗိုလ်ကျွဲကြီးက ပြောပါတယ်။

လက်နက်ကြီးတွေကို မီတာ ၁၀၀၀ အကွာလောက်ကနေ ပစ်ခတ်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပြီး မိုင်းဆွဲခံရလို့ ၆ ဦးသေဆုံးတာကို မြေပြင်သတင်းပေးတွေဆီကတဆင့် ပြန်သိရတယ်လို့ ဆိုပါတယ်။

တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံရပြီး ဩဂုတ် ၁၅ ရက်မှာ စစ်ကောင်စီဘက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်​နေတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ Buffalo Soldiers Freedom Forceအဖွဲ့၊ တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ SBDFစခန်း 1 တပ်ခွဲ 11 တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဩဂုတ် ၁၁ ရက် မနက် ၁၁ နာရီခန့်က ရွှေဘိုမြို့တောင်ဘက်အထွက် ရွှေဘို-မန္တလေးလမ်းပိုင်း မုခ်ဦးအနားမှာ ကာကွယ်ရေးအဖွဲ့တွေဘက်က သေနတ်ပစ်ဖောက်ပြီး စစ်ကောင်စီအဖွဲ့ကို စိန်ခေါ်ခဲ့ရာ စစ်ဆေးဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရွှေဘို #ရွှေဘိုမန္တလေးလမ်းပိုင်း #စစ်အုပ်စု #တိုက်ခိုက်ခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10