ရွှေဘိုမှာ မိုင်းထိလို့ ကလေး  ၁ ဦးအပါအဝင်  ၃ ဦးဒဏ်ရာရ

ရွှေဘိုမှာ မိုင်းထိလို့ ကလေး  ၁ ဦးအပါအဝင်  ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊အမှတ် ၆ ရပ်ကွက်နဲ့ တဂဏန်းကျေးရွာအနီးမှာ မိုင်းထိလို့ ကလေး  ၁ ဦးအပါအဝင်  ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ်လ ၁၆ ရက် မနေ့မနက် ၉ နာရီခန့်မှာတဂဏန်းကျေးရွာနေ ဦးဝင်းမြင့် ၆၀ နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းမြင့် ၅၅ နှစ်တို့ဟာ ရွှေဘိုမြို့ကနေ တဂဏန်းကျေးရွာဘက် ကို ဆိုင်ကယ်မောင်းနှင်လာချိန် တဂဏန်းကျေးရွာအနီးအရောက်မှာ မိုင်းထိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့က ရွှေဘိုမြို့မှာ သွားနေပြီး ရွာကို လာလိုက်ပြန်လိုက်ရှိတယ်။ အဲ့လမ်းမှာ မိုင်းရှိနေလို့ ဒေသခံတွေကို မသွားလာဖို့ ကာကွယ်ရေးအဖွဲ့က သတိပေးထားတယ်။ သူတို့က မသိဘဲလာတာ၊ မိုင်းကလည်း error တက်ပြီး ကွဲတာနဲ့တိုက်ဆိုင်ပြီး ထိသွားတာ။ ပြီးတော့ မနေ့က ၆ ရပ်ကွက်နားမှာလည်း ကလေးတယောက်မိုင်းထိတယ်လို့ သိရတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းထိလို့ ဦးဝင်းမြင့်မှာ ပုခုံး အစမှန်၊ ဒေါ်သန်းမြင့်မှာ ဝမ်းဗိုက်အစမှန် မစိုးရိမ်ရဒဏ်ရာတွေရခဲ့ပြီး ရွှေဘိုဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

ယမန်နေ့ နေ့လယ် ၁ နာရီကျော်အချိန်ခန့်မှာဘဲ ရွှေဘိုမြို့၊ အမှတ် ၆ ရပ်ကွက်နေ အသက်  ၁၄ နှစ်အရွယ် ကလေး ၁ ဦးဟာ ရပ်ကွက်အနီး လယ်ကွင်းထဲမှာ နွားကျောင်းနေစဥ် မိုင်းထိခဲ့လို့ ဝမ်းဗိုက်နဲ့လက်ကောက်ဝတ်မှာ မိုင်းစထိမှန် ဒဏ်ရာရခဲ့ပြီး ရွှေဘိုဆေးရုံမှာ ဆေးကုသနေရပါတယ်။

ဇူလိုင်လ ၁၆ ရက် မနက်ပိုင်းကလည်း ရွှေဘိုမြို့ရှိ ရွှေဘိုမြို့မစျေးအတွင်း အိမ်သာအနီးငါးတန်းနေရာနားမှာ မိုင်း ၂ လုံးပေါက်လို့ ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #မိုင်းပေါက်ကွဲ #ဒဏ်ရာရ #အရပ်သား #မိုင်းစထိမှန် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10