သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အမှတ် ၇ ချီပါစုရပ်ကွက်က အသက် ၅၃ နှစ်အရွယ် ဦးဇော်နိုင်ဦးကို လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် ၂ လကျော်ကြာတဲ့ထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
မတ် ၂၃ ရက် ညနေ ၄ နာရီကျော်လောက်က ဆိုင်ကယ် ၂ စီး၊ လူ ၄ယောက်၊ သေနက် ၂ လက်နဲ့ နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး နေအိမ်မှာရှိတဲ့ ဖုန်း ၅ လုံး၊ ပါဝါဘန့် ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ ငွေသား သိန်း ၄၀ ကျော်၊ နားကပ် ၁ ရံနဲ့ ၁ ဖက်၊ လက်စွပ် ၁ ကွင်းတို့ကိုလည်း တပါတည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
“တိုင်ထားတာလေးရှိလို့ စစ်ဆေးမေးမြန်းရုံလေးတင်ဆိုပြီး ခေါ်သွားတာ။ အိမ်ထဲဝင်ဝင်ချင်း အဖေ့ကို နောက်ပြန် လက်ထိပ်ခတ်ပြီး မှောက်ခိုင်းထားတယ်။ အမေတို့ကိုလည်း လက်ထိပ်ခတ်လိုက်တယ်။ အိမ်ကို မွှေနှောက်ရှာ သွားတယ်။ သော့တောင်းတာ သော့မရှိတော့ ဗီရိုတွေကို ဓားမနဲ့ ကလန့်ပြီး ဖွင့်ယူသွားတာ။” လို့ အဖမ်းခံရသူ ဦးဇော်နိုင်ဦးရဲ့ သမီးဖြစ်သူက ပြောပါတယ်။
ပစ္စတိုနဲ့ ကျည်တချို့ လက်ဝယ်ရှိတာ၊ စစ်မှုထမ်းကောက်တဲ့သူတွေထဲမှာ ပါဝင်ကြောင်း သံသယရှိတာ၊ မြို့ပေါ်က လဝကရုံးတွေမှာ ဝင်ထွက်သွားလာတာတွေရှိတယ်ဆိုတဲ့ အချက် ၃ချက်နဲ့ တိုင်ထားလို့ ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ပြန်ကြားသိရပေမယ့် မိသားစုဝင်တွေကတော့ အဆိုပါ အကြောင်းရာတွေနဲ့ မပတ်သက်ဘူးလို့ ငြင်းဆိုထားပါတယ်။
“ကျမအဖေကို ပစ္စတိုနဲ့ ကျည်ပေးရအောင် ပျူလုပ်နေတာလည်း မဟုတ်ဘူး၊ ဥက္ကဌလုပ်နေတာလည်း မဟုတ်ဘူး။ အာမခံရဲတယ်၊ စစ်မှုထမ်းကလည်း သေချာကိုပြောနိုင်တယ်၊ အဖေနဲ့ မပတ်သက်ဘူး။ ရပ်ကွက်ထဲလည်း စုံစမ်းလို့ရတယ်။” လို့ သမီးဖြစ်သူက ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံရတဲ့ အမျိုးသားဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့ အစိုးရလက်ထက်က ရာအိမ်မှူးလုပ်ခဲ့ဖူးပြီး ၂၀၂၁-၂၀၂၂ ကာလမှာတော့ နုတ်ထွက်စာတင်ပြီး ထွက်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့နေ့ကစပြီး အဖွဲ့အစည်းတွေဆီမှာ လိုက်လံစုံစမ်းပေမယ့် အကြောင်းတစုံတရာ မသိရတဲ့အတွက် မေ ၁ ရက်မှာ မြို့နယ်တာဝန်ခံ အဖွဲ့အစည်းတွေဆီကို သွားရောက်ကာ အသနားခံစာတင်ထားခဲ့ပြီး ခုချိန်ထိတော့ အကြောင်းပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြို့နယ်ပလဖအဖွဲ့အစည်းကို မြေလတ်အသံက ဆက်သွယ်မေးမြန်းရာမှာတော့
“မိသားစုကတော့ ကျနော်တို့ဆီလာပြီး စုံစမ်းခိုင်းထားတာရှိတယ်၊ ကျနော်တို့လည်း တတ်နိုင်သလောက် အဖွဲ့အစည်းတွေကို လှမ်းထောက်ပြီး စုံစမ်းထားပေမယ့် လက်ရှိတော့ စုံစမ်းလို့ မရသေးဘူး။” လို့ မြို့နယ် ပလဖတာဝန်ခံက ပြောပါတယ်။
“သက်ရှိထင်ရှား ရှိသေးလား၊ ရှိသေးရင်လည်း ကျနော်တို့ကို အကြောင်းကြားပေးဖို့။ မရှိဘူးဆိုလည်း မရှိတဲ့ အတိုင်းအတာ အကြောင်းကြားပေးဖို့ပဲ စုံစမ်းနေတာပါ။” လို့ မိသားစုဝင် အမျိုးသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၄ ရက်ကလည်း စစ်မှုထမ်းဥပဒေ အကောင်ထည်ဖော်ရေး လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အငယ်တန်းစာရေး ဒေါ်မြမြငြိမ်းကို ရွှေဘိုမြို့၊ အမှတ် ၇ ရပ်ကွက်မှာရှိတဲ့ သူရဲ့နေအိမ်နားမှာတင် ပစ်ခတ်ရှင်းလင်းခံခဲ့ ရပါသေးတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ချီပါစုရပ်ကွက် #ပျောက်ဆုံး #ပြန်ပေးဆွဲ
Share Share Share