ရွှေဘိုမှာ လက်နက်ကြီးထိမှန်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

ရွှေဘိုမှာ လက်နက်ကြီးထိမှန်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တက်တူကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တက်တူရွာနဲ့ ၁ မိုင်ခန့်ဝေးတဲ့ ပလိုင်း(ပျူ)ရွာရှိ စစ်ကောင်စီတပ်စခန်းကနေ ဇူလိုင် ၁၂ ရက် နေ့လယ် ၁ နာရီကျော်မှာ တိုက်ပွဲမဖြစ်ဘဲ ၆၀ မမ ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာမှာ တက်တူကျေးရွာထဲကို ၁ လုံး ကျရောက်ခဲ့တာလို့ ဆိုပါတယ်။

"အမျိုးသားတယောက် ပွဲချင်းပြီးသေတယ်။ ၆ ယောက်ကလည်း ဒဏ်ရာပြင်းတယ်လို့ သိရတယ်။ ၆ ယောက်ထဲမှာ အမျိုးသား၊ အမျိုးသမီးပါတယ်။ ဒါပေမယ့် သူတို့ရဲ့အသေးစိတ် အချက်အလက်ကိုတော့ မသိရဘူး"လို့ ရွှေဘိုဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ ၆ ဦးကတော့ တော်လှန်ရေးဆေးခန်းတခုမှာ အရေးပေါ်ဆေးကုသမှု ခံယူထားတယ်လို့ သူက ဆက်ပြောပါတယ်။

ပလိုင်းကျေးရွာ စာသင်ကျောင်းမှာ ရွာခံပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သား အင်အား ၈၀ ကျော်လောက်ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက တပ်စွဲနေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်မှာလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #တက်တူကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံ #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10