ရွှေဘိုမှာ လက်နက်ကြီးနဲ့ မိုင်းထိလို့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရ

ရွှေဘိုမှာ လက်နက်ကြီးနဲ့ မိုင်းထိလို့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာနဲ့ ခွန်တောင်းကြီးကျေးရွာမှာ လက်နက်ကြီးနဲ့ မိုင်းထိလို့ ဒေသခံပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

 

ဇွန်လ ၂၉ ရက် မနက် ၆ နာရီခန့်မှာ တည်သီးတောကျေးရွာမှ အသက် ၄၀ အရွယ် ဦးထွေးနဲ့ ဒေါ်သီခိုင်တို့ လင်မယား ၂ ဦးဟာ နေအိမ်ကနေ ရွာမြောက်ဘက်ရှိ လယ်တောကို သွားချိန် မိုင်းထိခဲ့တာလို့ဆိုပါတယ်။

 

အဲဒီနေ့ မနက် ၇ နာရီခန့်မှာ ခွန်တောင်းကြီးကျေးရွာနေ ဦးတိုးအောင် ၅၇ နှစ်ဟာ တောစပ်အနီးရှိ သူ့ရဲ့လယ်ကွင်းထဲမှာ ရိုးရာနတ်တင်နေချိန် လက်နက်ကြီးတလုံးကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။ 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘယ်ကပစ်ခတ်လိုက်မှန်း မသိတဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

 

"ဦးတိုးအောင်က လယ်နတ်ပူဇော်မလို့ လုပ်နေတဲ့အချိန်မှာ လက်နက်ကြီးထိတာ။ ဒဏ်ရာတော့ များတယ်။ တည်သီးတောက လင်မယားကျတော့ မိုင်းထိပြီး ဆေးရုံရောက်နေတယ်ဆိုပြီးတော့ တွေ့ရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

 

ရှော့တိုက်ဒုံးကျလို့ ဦးတိုးအောင်မှာ ဘယ်ဘက်ဖနောင့်ဆုတ်၊ ဘယ်ဘက်လက်ကျိုး၊ ဘယ်ဘက်ရင်ဘတ်နဲ့ ပါးပေါက်ဒဏ်ရာတွေရသွားလို့ ရွှေဘိုဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။

 

တည်သီးတောရွာက မိုင်းထိတဲ့ လင်မယား နှစ်ယောက်ဟာ လက်၊ ခြေထောက်နဲ့ လည်ပင်းတွေမှာ မိုင်းစမှန် မစိုးရိမ်ရ ဒဏ်ရာရပြီး ရွှေဘိုဆေးရုံမှာ ဆေးကုသနေရပါတယ်။

 

ဇွန်လ ၂၂ ရက် မနက်ပိုင်းမှာ ရွှေဘိုမြို့အထွက် ရွှေဘို-မန္တလေးလမ်းပိုင်းမှာ အမောင်းသင်နေတဲ့ကား မိုင်းထိလို့ အမျိုးသား ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ရွှေဘို #မိုင်းထိ #လက်နက်ကြီး #ပြည်သူ #ဒဏ်ရာရ #တည်သီးတော #ခွန်တောင်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10